ပီကင်းအခြေစိုက် တရုတ်အဆင်မြင့် အရာရှိများနှင့် ၀ ၊ မိုင်းလားအဖွဲ့တို့ တွေ့ဆုံ


သြဂတ်စ် ၂၃ ရက် ၂၀၁၆

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံမှ ပြန်ရောက်ပြီး တရက်အကြာ သြဂတ်စ် ၂၂ ရက်နေ့မှ စတင်ကာ တရုတ်ဗဟိုအစိုးရ ကိုယ်စားလှယ်အချို့ ၀ ၊ မိုင်းလား အဖွဲ့တို့ သည် တရုတ် မြန်မာနယ်စပ် လန်ချန်းမြို့ တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ၀ ၊ မိုင်းလားအဖွဲ့တို့နှင့် နီးစပ်သူထံမှ သိရသည်။

သြဂုတ်လ ၂၂ ရက်နေ့တွင် မိုင်းလား NDAA အဖွဲ့နှင့် ၄င်း ၊ သြဂုတ်လ ၂၃ ရက်နေ့က အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ တာဝန်ရှိသူများနှင့်၎င်း ၀ နယ်စပ် လန်ချန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"ဘာတွေဆွေးနွေးလဲတော့မသိဘူး။ ၀ နယ်စပ် လန်ချန်းမှာ ဆွေးနွေးတာပါ။ ' ဟု နယ်စပ်အရေးအကဲခတ်တစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ၀ တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ထံ တိုက်ရိုက် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မရခဲ့ပေ။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်အတွင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကူညီသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ပင်က ကတိပြုခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ ၀ တပ်ဖွဲ့ ၊ မိုင်းလားအဖွဲ့တို့ပါ တက်ရောက်မည်ဟု သတင်းများထွက်ပေါ်နေပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ တက်ရောက်ဖွယ်ရှိသည်ဟု လည်း ပြည်တွင်း မီဒီယာများက ဖော်ပြကြသည်။

တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့် MNDAA နှင့် AA ရက္ခိုင့်တပ်မတော်တို့မှာ လက်နက်ကိုင်လမ်းစဉ်နှင့် ပတ်သက်ပြီး ကြေငြာ ချက်ထုတ်ပြန်မှ ညီလာခံပေးတက်မည်ဟု အစိုးရ တပ်မတော်ဘက်မှ ဆိုခဲ့သောကြောင့် ကြေငြာချက် မထုတ်နိုင်သေးသည့်အတွက် လက်ရှိ အချိန်အထိ ညီလာခံတက်ရောက်ရေးမသေချာသေးပေ။

ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အတွင်းတရုတ်အကူညီဖြင့် ကွမ်းလုံ တံတားတည်ဆောက်သွားမည်ဟု သဘောတူခဲ့ပြီး ကျောက်ဖြူကူမင်း ဆက်သွယ်မည့် ကားလမ်းကြောင်းကိစ္စ၊ ပိုးလမ်းမဟောင်း စီမံကိန်းနှင့် တရုတ်ရင်းနှီးမြှပ်နှံမှု ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကျောက်ဖြူကူမင်းမဟာဗျူဟာ လမ်းမမှာ ကိုးကန့်နယ်အတွင်းမှ သျှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းသွားမည်ဖြစ်ပြီး မဟာဗျူဟာလမ်းမ အကောင်ထည်ဖော်ပြီး ကုန်သွယ်မှု အလုပ်ဖြစ်ရန်အတွက် နယ်မြေငြိမ်းချမ်းမှု လိုအပ်နေပါသည်။

တရုတ်မြန်မာ မဟာဗျူ ဟာလမ်းမနှင့် ဖွံ့ဖြိုးရေး ကုန်သွယ်မှုစီမံကိန်းများနှင့် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀မှ ၈၀ ခန့် တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နှံမည်ဖြစ်သည်။

သျှမ်းသံတော်ဆင့် - စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ပီကင်းအခြေစိုက် တရုတ်အဆင်မြင့် အရာရှိများနှင့် ၀ ၊ မိုင်းလားအဖွဲ့တို့ တွေ့ဆုံ  ပီကင်းအခြေစိုက် တရုတ်အဆင်မြင့် အရာရှိများနှင့် ၀ ၊ မိုင်းလားအဖွဲ့တို့ တွေ့ဆုံ Reviewed by THITHTOOLWIN on 07:58 Rating: 5
Powered by Blogger.