ရသေ့တောင်မြို့နယ်တွင် ကူးတို့လှေနစ်ရာမှ ကျောင်းသူ လေးဦးပျောက်ဆုံးနေ


နိရဉ္စရာ၊ သြဂုတ် ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရန်အောင်ပြင် အထက်တန်းကျောင်း သို့ ကျောင်းတက်လာသည့် ကျောင်းသူ လေးဦးမှာ ဈီးကုန်းတန်း ကူးတို့ လှေနစ်ရာမှာ ပျောက်ဆုံးနေသည်ဟု သတင်း ရရှိသည်။

အခင်း ဖြစ်ပွားရာနေရာသို့ ရောက်နေသူ ဦးမောင်ကျန်ဝေမှ ပျောက်နေသည့် မိန်းခလေး ၄ ဦးစလုံးမှာ ကျောက်စာတိုင်ကျေးရွာမှ ဖြစ်ကြောင်း၊ ၉ တန်းကျောင်သူ တစ်ဦး၊ ခုနှစ်တန်း ကျောင်းသူ နှစ်ဦးနှင့် ခြောက်တန်းကျောင်းသူ တစ်ဦးတို့ ဖြစ်ကြသည်ဟု သိရှိရကြောင်း နိရဉ္စရာသို့ ပြောကြားသည်။

“ ဒီကနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ ဈီးကုန်းတန်းကနေ ရန်အောင်ပြင်ကို ကူးတို့လှေ ကူးတာမှာ နစ်တာပါ။ စုစုပေါင်း လှေပေါ်မှာ ကျောင်းသား ကျောင်းသူ ၁၇ ဦးပါဝင်ပါတယ်။ ကျန်တဲ့ ကျောင်းသားတွေက အသက်ဘေးက လွတ်မြောက်သွားပေမယ့် ကျောင်းသူ လေးဦးက အခု ထက်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

တစ်ခြား ဒေသခံ တစ်ဦးကလည်း ပျောက်ဆုံးသူ မိန်းခလေး ၄ ဦးထဲတွင် ကျောက်စာတိုင်ရွာမှ ဦးစိန်ယဉ်မောင်၏ သမီးနှစ်ဦး ပါဝင်သည်ဟု ပြောကြားသည်။

ကူးတို့သမားက ထွက်ပြေးသွားသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်မှ ပျောက်ဆုံးနေသူ ကျောင်းသူ လေးဦးဟု သတင်းရကြောင်း၊ ယခုအခါ အခင်းဖြစ်ပွားရာ ဈီးကုန်းတန်းနှင့် ရန်အောင်ပြင်သို့ စပီဘုတ်ဖြင့် သွားနေကြောင်း ပြောကြားသည်။

ယခုနှစ် ဇွန်လ တစ်ရက် ကျောင်းဖွင့်သည့်နေ့ကလည်း ပုဏ္ဍားကျွန်းမြို့နယ် ပိုးရီပြင် အထက်တန်းကျောင်းသို့ ကျောင်းလာတက်သည့် ရခိုင် ဂန့်ဂါရွာမှ ကျာင်းသား ကျောင်းသူ ခုနှစ်ဦး ကူးတို့ စက်လှေ နစ်ရာမှ သေဆုံးခဲ့ကြရသည်။

Narinjara
https://www.facebook.com/Narinjara
ရသေ့တောင်မြို့နယ်တွင် ကူးတို့လှေနစ်ရာမှ ကျောင်းသူ လေးဦးပျောက်ဆုံးနေ  ရသေ့တောင်မြို့နယ်တွင် ကူးတို့လှေနစ်ရာမှ ကျောင်းသူ လေးဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 16:37 Rating: 5
Powered by Blogger.