မန္တလေး (ရတနာပုံတက္ကသိုလ်) ၀င်းအတွင်း ၄ ပေခွဲခန့်ရေမြုပ်သဖြင့် တက္ကသိုလ် ခေတ္တပိတ်လိုက်ရ


မန္တလေး (ဧရာဝတီ) ဆိပ်ကမ်းတွင် ဇူလိုင် ၃၀ ရက်မှစ၍ မြစ်ရေမှာ စိုးရိမ်ရေအမှတ်ကျော်လွန်ခဲ့ပြီးနောက် ရတနာပုံ တက္ကသိုလ်(မန္တလေး)ကျောင်းဝင်းအတွင်း ၄ ပေခွဲကျော် ရေလွှမ်းခဲ့သဖြင့် သြဂုတ် ၁ ရက်မှ စတင်၍ ကျောင်းပိတ်လိုက်ကြောင်း သိရသည်။

“စာသင်လို့ မရတော့တဲ့အခြေအနေကြောင့် ခေတ္တရပ်နားလိုက်တာပါ။ အရင်ရေကြီးတုန်းက ၁ လက်မ၊ ၂ လက်မ တဖြည်းဖြည်းတက်ပြီး တရက်နှစ်ရက်နေ ရေပြန်ကျတယ်။ ၂၀၀၇ တုန်းကတကြိမ် ကျောင်းပိတ်ရတဲ့အထိ ရေ၀င်ခဲ့ဖူးပေမယ့် ဒီတခါ ရေက စောင့်ဝင်တာပါ”ဟု ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာန၊ ကထိက ဦးသုတ ကပြောသည်။


အဆိုပါတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်နှင့် ဆရာ/ဆရာမများ၊ ပတ်ဝန်းကျင်ရပ်ကွက်နေထိုင်သူများအပါအ၀င် ၃၀၀၀၀ ခန့် ရေဘေးသင့်ခံနေရသည်ဟု ပြောနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ရတနာပုံတက္ကသိုလ်တွင်၂၀၀၇ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့က စတင်ရေ၀င်ခဲ့ပြီး သြဂုတ်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့ ၅-ရက်ကြာ ကျောင်းပိတ်ခဲ့ရကြောင်း၊ ထိုနှစ်သြဂုတ် ၅ ရက်နေ့က ဧရာဝတီမြစ်ရေသည် ၂၃၂.၅၈-ပေ (၁၃၁၆-စင်တီမီတာ) ရှိခဲ့ပြီး ယခုဖြစ်စဉ်မှာ ရေ၀င်ရောက်မှုကြောင့် ဒုတိယအကြိမ် တက္ကသိုလ်ပိတ်လိုက်ရ ခြင်းဖြစ်ကြောင်း သိရသည်။


ဧရာဝတီမြစ်ရေသည် သြဂုတ် ၁ ရက်နေ့တွင် ၂၃၂.၈၇-ပေ(၁၃၂၅-စင်တီမီတာ)တွင် ရပ်တန့်နေပြီး မန္တလေးနှင့် စစ်ကိုင်းတို့တွင် စိုးရိမ်ရေအမှတ်အထက် ၂ ပေခန့်စီရှိနေကြောင်း၊ နောက်ရက်တွင် မြစ်ရေကျဆင်းမှာဖြစ်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေဦးမည်ဟုခန့်မှန်းထားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မန္တလေး (ရတနာပုံတက္ကသိုလ်) ၀င်းအတွင်း ၄ ပေခွဲခန့်ရေမြုပ်သဖြင့် တက္ကသိုလ် ခေတ္တပိတ်လိုက်ရ  မန္တလေး (ရတနာပုံတက္ကသိုလ်) ၀င်းအတွင်း ၄ ပေခွဲခန့်ရေမြုပ်သဖြင့် တက္ကသိုလ် ခေတ္တပိတ်လိုက်ရ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.