နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခချန်းက ဂုဏ်ပြုကြိုဆို


ပေကျင်း သြဂုတ် ၁၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ လီခချန်းက ယနေ့ ဒေသစံတော် ချိန် ညနေ ၄ နာရီခွဲတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ဂုဏ်ပြုအခမ်းအနား ဖြင့် ကြိုဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုမည့် နေရာ သို့ ရောက်ရှိလာရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။

ထို့နောက် မြန်မာ - တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ လီခချန်းနှင့် ၀န်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။


နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးမူကြီး ငါးချက်ကို အိန္ဒိယနိုင်ငံနှင့်အတူ ကနဦး စတင်ကျင့်သုံးခဲ့ကြပြီး ယခုအခါ ကမ္ဘာ့နိုင်ငံများအကြား ဆက်ဆံရေးမူကြီးများအဖြစ် ကျင့်သုံးလျက်ရှိကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်ကို အခြေခံ၍ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်သွားရန်၊ လမ်းပန်းဆက်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရန်၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အလားတူ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သော် လည်း အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက် ရေး အတွက် ကူညီသွားရန် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစရှိသော ကဏ္ဍများ ဆောင်ရွက်ရန် အကူအညီအဖြစ် တရုတ် ယွမ် သန်း ၁၀၀၀ အား အကူအညီ ပေးလို ကြောင်း၊ သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီး၊ ရေလျှံမှုများကာကွယ်ရန် နည်းပညာ အကူအညီ ပေးလိုကြောင်း၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး အထူးမြှင့်တင်သွားလိုကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ်အေး ချမ်းရေးအတွက် ပုံမှန်ဆွေးနွေးပွဲများ ထူထောင်ကာ နှစ်နိုင်ငံ အစိုးရများ အကြား ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း စဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် အကူအညီပေးရေး၊ အာဆီယံ - တရုတ် ဆက်ဆံ ရေး ၂၅ နှစ်မြောက် အထိမ်းအမှတ်များ ကျင်းပရေးနှင့် အာဆီယံ - တရုတ် စီးပွားရေး အသိုက်အ၀န်းထူထောင်ရေး၊ မဲခေါင် - လန်းချန်း ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရေး၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ မြန်မာ - တရုတ်နယ်နိမိတ် ကွင်းဆင်းစစ်ဆေးရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နိုင်ငံရေးပါတီများအကြားနှင့် ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှု တိုးမြှင့်သွား ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နှစ်နိုင်ငံ သဘောတူစာချုပ်နှင့် စာချွန်လွှာများ လက်မှတ်ရေး ထိုးပွဲကို ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား ချုပ်ဆိုသော စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချုပ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး Mr. Gao Hucheng တို့ကလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအကူအညီဖြင့် တည်ဆောက်မည့် ကွမ်လုံတံတားသစ် စီမံကိန်းအတွက် ဖြစ်နိုင်စွမ်း လေ့လာမှုဆိုင်ရာ စာချွန်လွှာကို ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းနှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Gao Hucheng တို့က လည်းကောင်း လက်မှတ်ရေးထိုးကြသည်။


ယင်းနောက် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ လီခချန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ဒေသစံတော်ချိန် နံနက် ၈ နာရီကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယိက ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ အလုပ်သဘော နံနက်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲ တွင် ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုများအား တွေ့ဆုံပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခချန်းက ဂုဏ်ပြုကြိုဆို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခချန်းက ဂုဏ်ပြုကြိုဆို Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.