ပြည်ဝင်ခွင့်ရပေမယ့် ချက်ခြင်း ပြန်မလာနိုင်သေး

ခေတ္တ ပြည်နှင်ဒဏ် ခံရတဲ့ ကိုမောင်မောင်ဝမ်း (ဓာတ်ပုံ - မောင်မောင်ဝမ်း ဖေ့စ်ဘွတ်မှ) (Credit: ABC Licensed) 
၈၈ ​မျိုးဆက်ကျောင်းသား ​ခေါင်းဆောင်ဟောင်း ​ကိုမောင်မောင်ဝမ်းကို ​ဒေါ်အောင်ဆန်းစုကြည်က ​ပြည်ဝင်ခွင့် ​ပေးလိုက်ပေမယ့် ​ကိုမောင်မောင်ဝမ်းက ​ချက်ခြင်း ​ပြန်မလာနိုင်သေးဘူးလို့ ​ပြောပါတယ်။

မြန်မာနိုင်ငံကို ​ပြန်လာရင်း ​မနေ့တုန်းက ​ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ ​လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ​ပြည်ဝင်ခွင့်မပေးခဲ့တဲ့ ​အတွက် ​ပြန်လှည့်ပြန်ခဲ့ရတဲ့ ​၈၈ ​မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ​ကိုမောင်မောင်ဝမ်းကို ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်က ​ပြည်ဝင်ခွင့်ပေးလိုက်တာပါ။

အဲဒါကြောင့် ​မြန်မာနိုင်ငံ ​ရှစ်လေးလုံးမတိုင်ခင် ​ပြန်လာနိုင်ကြောင်း ​ရန်ကုန်တိုင်း ​ဝန်ကြီးချုပ် ​ဦးဖြိုးမင်းသိန်းက ​ပြောပေမယ့် ​လေယာဉ်ကို ​နာရီပေါင်း ​၅၀ ​လောက် ​ဆက်တိုက် ​စီးရတဲ့အပြင် ​သုံးရက် ​ဆက်တိုက်နီးပါး ​မအိပ်ရတဲ့အတွက် ​ချက်ခြင်း ​ပြန်လာနိုင်မှာ ​မဟုတ်ဘူးလို့ ​ကိုမောင်မောင်ဝမ်းက ​ပြောပါတယ်။

ကိုမောင်မောင်ဝမ်းဟာ ​သမ္မတဟောင်း ​ဦးသိန်းစိန် ​လက်ထက်တုန်းက ​မြန်မာနိုင်ငံမှာ ​တစ်ရက်ပို ​နေထိုင်မိတဲ့အတွက် ​ဒဏ်ငွေအစား ​ပြည်နှင်ဒဏ်ပေးခဲ့လို့ ​နာမည်ပျက်စာရင်းထဲ ​ထည့်သွင်းခံရတာ ​ဖြစ်ပါတယ်။

ကွန်ပြူတာမှာ ​နာမည်ပျက် ​စာရင်း ​တွေ့ရတဲ့အတွက် ​လူဝင်မှု ​ကြီးကြပ်ရေးကလည်း ​ပြည်ဝင်ခွင့်မပေးခဲ့တာပါ။ ​ဒါပေမဲ့ ​အဲလို ​ဖြစ်နေမယ်ဆိုရင် ​အမေရိကန်နိုင်ငံက ​မြန်မာသံရုံးက ​အစကတည်းက ​ဗီဇာမပေးသင့်ဘူးဆိုပြီး ​ဝေဖန်မှုတွေ ​ရှိခဲ့ပါတယ်။

ဒါကို ​ကြည့်ခြင်းအားဖြင့် ​မြန်မာနိုင်ငံက ​ဌာနဆိုင်ရာတွေ ​တခုနဲ့ ​တခု ​အချိတ်အဆက် ​မရှိသေးတာကို ​ပြသသလို ​ပြည်ဝင်ခွင့်ဆိုတာဟာလည်း ​လူတစ်ဦးတစ်ယောက်အပေါ် ​မူတည်နေတယ်ဆိုပြီးတော့လည်း ​ဝေဖန်မှုတွေ ​ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ပြည်ဝင်ခွင့်ရပေမယ့် ချက်ခြင်း ပြန်မလာနိုင်သေး  ပြည်ဝင်ခွင့်ရပေမယ့် ချက်ခြင်း ပြန်မလာနိုင်သေး Reviewed by THITHTOOLWIN on 14:17 Rating: 5
Powered by Blogger.