နိရဉ္စရာ၊ သြဂုတ် ၁၇
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း မီးညိုထောင့်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်ခံရ၍ အိမ် ၁၁ လုံး ပြိုပျက်သွားခဲ့ပြီး ထိုအထဲတွင် အိမ်သုံးဆောင်မှာ လုံးဝ ပြိုပျက်သွားခဲ့သည်ဟု သတင်း ရရှိသည်။
“ လုံးဝ ပြိုပျက်သွားတာ သုံးဆောင်ပါ။ အိမ်ခေါင်းမိုးတွေကို ရှာမရလိုက်ဘူး။ တစ်မိုင်လောက် လွှင့်ပါသွားတယ်။ သုံးဆောင်ထဲက တစ်ဆောင် ခေါင်းမိုးဘဲ ပြန်ရှာရတယ်။ ကျန်တဲ့ ရှစ်ဆောင်က တစ်ဝက်တစ်ပျက် ပြိုသွားပါတယ်။ ခေါင်းမိုးတွေ လန်ကျသွားတယ်။ ထရံတွေ ကွာကျသွားပါတယ်” ဟု မီးညိုထောင့်ရွာသား ကိုပြေစိုးက ပြောသည်။
လေဆင်နှာမောင်းမှာ သြဂုတ်လ ၁၆ ရက်နေ့ ညဥ့် ၈ နာရီ ၄၅ ခန့်တွင် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး အိမ်လုံးဝ ပြိုပျက်သွားခဲ့သည့် ပိုင်ရှင်များမှာ ဒေါ်ချစ်စောဖြူ၊ ဦးမောင်လှဝင်းနှင့် ဦးမောင်ထွန်းအေးတို့ ဖြစ်ကြသည်ဟု သူက ဆက်လက် ပြောကြားသည်။
မြို့နယ် အာဏာပိုင်များ ယနေ့ ၎င်းရွာသို့ ရောက်ရှိလာပြီး လုံးဝ ပြိုပျက်သွားခဲ့သည့် အိမ်ပိုင်ရှင်များကို ကျပ် (၂) သိန်းနှင့် တစ်ဝက် တစ်ပျက် ပြိုပျက်သွားသူ အိမ်ပိုင်ရှင်များကို ကျပ် (၅) သောင်းစီ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
Narinjara
https://www.facebook.com/Narinjara
ရသေ့တောင်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ အိမ်အချို့ ပြိုပျက်
Reviewed by THITHTOOLWIN
on
19:20
Rating:
