ဆောက်လုပ်နေဆဲ ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦမှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံး

(ဓာတ်ပုံ- ဆောက်လုပ်နေဆဲ ရခိုင်ပြည်နယ်လွှတ်တော်)
နိရဉ္စရာ၊ သြဂုတ် ၁၁

ဆောက်လုပ်နေဆဲ ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦမှ အလုပ်သမားတစ်ဦး သြဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းက ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။

ပြုတ်ကျသေဆုံးသူမှာ လွှတ်တော်အဆောက်အဦတွင် အလုပ်လုပ်နေသူ ဧရာဝတီတိုင်းမှ အသက် ၂၀ ကျော်အရွယ် မောင်သက်ပိုင်စိုးဖြစ်ကြောင်း လွှတ်တော်အဆောက်အဦတွင် လုံခြုံရေးတာဝန်ယူနေသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“လွှတ်တော် အဆောက်အဦ အလယ်ထပ်မှ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပြုတ်ကျတာပါ။ ပြုတ်ကျသူကို စစ်တွေဆေးရုံကြီးသို့ ပို့လိုက်တော့ ညနေ ၆ နာရီ ကျော်မှာ သေဆုံးသွားတယ်လို့ ဆေးရုံက အကြောင်း ကြားလာပါတယ်။ သေဆုံးသူမှာ ဧရာဝတီတိုင်းက အသက် ၂၀ ကျော်အရွယ် မောင်သက်ပိုင်စိုးဖြစ်ပါတယ်။ ကျွန်တော်တို့ သေဆုံးမှုနဲ့ပတ်သက်ပြီးတော့ စစ်တွေမြို့နယ် ရေချမ်းပြင် ရဲစခန်းကို အကြောင်း ကြားထားပါတယ်”ဟု အဆိုပါရဲကပြောသည်။

ဒုတိယ ထပ်တွင် မျက်နှာကြက်လုပ်နေစဉ် ၁၃ ပေခန့်အမြင့်က ပြုတ်ကျပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု လွှတ်တော်တွင် အလုပ်လုပ်နေသူများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ဒုတိယထပ်မှာ မျက်နှာကြက်လုပ်နေစဉ် ၁၃ ပေ ခန့်အမြင့်က ခြေလျှော်ပြုတ်ကျပြီးတော့ သေဆုံး သွားတာပါ။ သူပြုတ်ကျတဲ့အချိန် ၅ နာရီ မိနစ် ၃၀ ကျော်အချိန်မှာ အလုပ်သိမ်းပြီးတဲ့ အချိန်ဖြစ်နေတဲ့ အတွက် အနီးအနားမှာ လူတွေ မရှိတော့ပါဘူး။ ဦးခေါင်းမှာ ဒဏ်ရာရရှိပြီးတော့ သေဆုံး သွားတာဖြစ်ပါတယ်။ အရင်တုန်းကတော့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး”ဟု ယင်းအလုပ်သမားက ပြောသည်။

လွှတ်တော်ကို ဆောက်လုပ်နေသည်မှာ ၁ နှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် သေဆုံးသူ မောင်သက်ပိုင်စိုး အလုပ်လုပ်နေသည်မှာ ၁ လ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို သြဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ခေတ္တရပ်နားထားပြီး တနင်္လာလေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် ပြန်စမည်ဖြစ်ကြောင်း သိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ဆောက်လုပ်နေဆဲ ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦမှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံး  ဆောက်လုပ်နေဆဲ ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦမှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.