ခရီးသည်ခြောက်ဦး တင်ဆောင်လာသော ဘေးတွဲဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွား


မော်လမြိုင်၊ သြဂုတ် ၂၀ ။ ။ ကရင်ပြည်နယ် ဘားအံ-မြဝတီ ကားလမ်းဘေး အုန်းတစ်ပင်ကျေးရွာအုပ်စု၊ ကော့ကသောင်ကျေးရွာ စာသင်ကျေင်းအရှေ့တွင် သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က ခရီးသည်ခြောက်ဦးကို တင်ဆောင်လာသော ဘေးတွဲဆိုင်ကယ်သည် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာမီဒီယာသို့ ပြောသည်။

ဘားအံမြို့နယ်၊ အိန္ဒုစံပြကျေးရွာအုပ်စု၊ ပအိုဝ်အထက်ရွာနေ ကိုထိုက်သည် ဟွန်ဒါဝေ့ပ် အမျိုးအစား ဘေးတွဲ ဆိုင်ကယ်ကို ကော့ကသောင်ဘုရားဘက်မှ အိန္ဒုဘက်သို့ ခရီးသည်များ တင်ဆောင်မောင်းနှင်လာစဉ် ဆိုင်ကယ်အတွင်းရှိ ဝါယာကြိုးများ ရှော့ဖြစ်ကာ အပူလွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အိန္ဒုနယ်မြေရဲတပ်ဖွဲ့ စစ်ဆေးပေါ်ပေါက်ချက်မှတ်တမ်းအရ သိရသည်။

ဘေးတွဲဆိုင်ကယ် မီးလေင်နေခြင်းကို အိန္ဒုနယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်းကျင်ရှိပြည်သူများက ဝိုင်းဝန်းမီးငြိမ်သတ်ပေးခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း ဘားအံမြို့နယ်ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

ဘေးတွဲဆိုင်ကယ်ကို မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်း ကိုထိုက်ကို အိန္ဒုနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၂၇/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၂၈၅ အရ အမှုဖွင့်အရေးထားကြောင်း ဘားအံမြို့နယ်ရဲတပ်ဖွဲ့ရှိ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
ခရီးသည်ခြောက်ဦး တင်ဆောင်လာသော ဘေးတွဲဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွား  ခရီးသည်ခြောက်ဦး တင်ဆောင်လာသော ဘေးတွဲဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 13:28 Rating: 5
Powered by Blogger.