နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ရှီအန်းမြို့ရှိ ချင်ရှိယွမ်းရှင်ဘုရင် စစ်သည်တော် မြင်းရုပ်တုကို ကြည့်ရှုလေ့လာ


ရှီအန်း သြဂုတ် ၂၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ပေကျင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ရှန်ရှီးပြည်နယ် ရှီအန်းမြို့သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရှီအန်းလေဆိပ်မှ ချင်ရှိယွမ်း ရှင်ဘုရင် စစ်သည်တော် မြင်းရုပ်တု (Qin Terra Cotta Warriors and Horses) သို့ သွားရောက်ကြည့်ရှုလေ့လာပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေး ထိုးသည်။


ချင်ရှိယွမ်းရှင်ဘုရင် စစ်သည်တော် မြင်းရုပ်တုများကို တရုတ်ပြည်၏ ပထမဆုံး ဘုရင် ချင်းရှင်ဟွမ် အသက် ၁၃ နှစ် ဘီစီ ၂၄၆ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ၁၁ နှစ်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရုပ်တုများကို ၁၉၇၄ ခုနှစ်တွင် ရှီးအန်းမြို့ လင်ထုံ မြို့နယ်မှ လယ်သမားများက ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်တုများတွင် စစ်သည်တော်များ၊ မြင်းရုပ်များနှင့် စစ်ရထားများ ပါဝင်သည်။

၂၀၀၇ ခုနှစ် အထိ တူးဖော်တွေ့ရှိခဲ့သည့် အဓိက မြေအောက်ကျင်းကြီး သုံးခု တွင် စစ်သည်ရုပ်တုပေါင်း ၈၀၀၀ ခန့်၊ စစ်ရထားရုပ် ၁၃၀ ခန့်၊ မြင်းရုပ် ၅၂၀ ခန့်နှင့် မြင်းစစ်သည်ရုပ် ၁၅၀ ခန့်ကို တွေ့ရှိခဲ့သည်။ ယူနက်စကိုမှ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ၁၉၈၇ ခုနှစ် တွင် သတ်မှတ်ခဲ့သည်။


ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ခေတ္တတည်းခိုမည့် ဆိုဖီတယ်ဟိုတယ် ( Sofitel Legand People’s Grand) သို့ ရောက်ရှိကြသည်။

မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရှန်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Hu Heping တို့သည် ဆိုဖီတယ်ဟိုတယ်၌ တွေ့ဆုံပြီး ရှန်ရှီးပြည်နယ် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ရှန်ရှီးပြည်နယ်၊ ရှီအန်းမြို့နှင့် မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့အား Sister City ညီအစ်မမြို့တော် ထူထောင်၍ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး၊ ရှန်ရှီးပြည်နယ်တွင် တက္ကသိုလ် ၁၀၀ နှင့် သုတေသနဌာနပေါင်း ၁၀၀၀ ရှိ၍ ပညာရေးနှင့် သုတေသန လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရှန်ရှီးပြည်နယ်တွင် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် Famen Temple ကို သွားရောက်ဖူးမြော်ကြည်ညိုကြသည်။


ဖာမန်ကျောင်းတော်ကို ကျိုးမင်းဆက်တွင် ဟွမ်ဘုရင်က တည်ဆောက်ခြဲ့ခင်း ဖြစ်သည်။ ၀ူတန်မင်းဆက် ၆၁၈ ခုနှစ်တွင် ဖာမန်ကျောင်းတော်ဟု စတင်ခေါ်ဝေါ် ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကျောင်းတော်ကို ပြန်လည်ပြုပြင်တိုးချဲ့ပြီး နိုဝင်ဘာလ ၉ ရက်တွင် ဖာမန်ကျောင်းတော်ကို ဖွင့်လှစ်ခဲ့သည်။ ကျောင်းတော်ထဲတွင် အဖိုးတန် ဓာတ်တော်များနှင့် ပစ္စည်းများကို ပြသထားကြောင်း သိရှိရသည်။


ဆက်လက်၍ Yang Ling Xin Cun ကျေးရွာကိုသွားရောက်၍ ကျေးရွာစိုက်ပျိုးရေးဇုန်မှ စိုက်ပျိုးထုတ်လုပ်ထားသည့် စပျစ်သီးများကို ကြည့်ရှုလေ့လာပြီး စပျစ်ခြံအတွင်း လှည့်လည် ကြည့်ရှုလေ့လာသည်။

ယန်လင်းစိုက်ပျိုးရေးရွာသည် ရှီးအန်းမြို့၏ အနောက်တောင်ဘက် မိုင် ၅၀ ခန့်အကွာ တွင် တည်ရှိသည်။ ၁၉၉၇ ခုနှစ်တွင် အဆင်ြ့မင့်နည်းပညာသုံး စိုက်ပျိုးရေး ပြခန်းကို စတင်တည်ဆောက်ခဲ့သည်။ စိုက်ပျိုးရေးပြခန်းကို အပိုင်းငါးပိုင်းခွဲခြားထားပြီး ပိုးမွှား ပြခန်း၊ သတ္တဗေဒပြခန်း၊ စိုက်ပျိုးရေးသမိုင်းပြခန်း၊ ရုက္ခဗေဒပြခန်းနှင့် မြေဆီမြေလွှာ နည်းပညာ ပြခန်းတို့ ဖြစ်သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ရှီအန်းမြို့ရှိ ချင်ရှိယွမ်းရှင်ဘုရင် စစ်သည်တော် မြင်းရုပ်တုကို ကြည့်ရှုလေ့လာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ရှီအန်းမြို့ရှိ ချင်ရှိယွမ်းရှင်ဘုရင် စစ်သည်တော် မြင်းရုပ်တုကို ကြည့်ရှုလေ့လာ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.