ရန်ကုန် ရွှေပြည်သာ အထက ၄ တွင် မိုးကြိုးပစ်ခံရ၍ န၀မတန်းကျောင်းသား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ


နိရဉ္စရာ၊ သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆင်းချိန် ကျောင်းဘော်လုံးကွင်းတွင် ကစားနေသော ကျောင်းသား နှစ်ဦး မိုးကြိုးပစ်ခံရ၍ န၀မတန်းကျောင်းသား တစ်ဦး သေဆုံးပြီး အဋ္ဌမတန်းကျောင်းသား တစ်ဦးမှာ ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသည့် ကျောင်းသားမှာ န၀မတန်း(ခ) မောင်မိုးမြင့်သူ (ဘ) ဦးမြင့်ငွေ ဖြစ်ပြီး ဒဏ်ရာ ရရှိသွားသူမှာ အဋ္ဌမတန်း(ဆ) မှ မောင်သန့်ဇင်ကျော် (ဘ) ဦးကျော်မိုး ဖြစ်ကြောင်း အထက်ကျောင်းမှ ပေးပို့သော အစီရင်ခံစာတွင် ဖော်ပြသည်။

ဖြစ်ပွားပုံမှာ အဆိုပါ ကျောင်းသား နှစ်ဦးသည် ယနေ့ သြဂုတ် ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆင်းပြီးချိန်တွင် ကျောင်းကစားကွင်း၌ ဘော်လုံးကစားနေစဉ် မိုးကြိုးပစ်ခံရသည်ဟု သိရသည်။

မိုးကြိုးပစ်ခံရသည်ကို သိလျင် သိချင်း ကျောင်းမှ ဆရာမများသည် မိုးကြိုးပစ်ခံရသည့် ကျောင်းသား ကလေးနှစ်ဦးကို အနီးအနားရှိ ရွှေပြည်သာ အထူးဆေးခန်းသို့ ပို့ဆောင်ရာ နေ့လယ် ၁၂ နာရီတွင် န၀မတန်းကျောင်းသားမောင်မိုးမြင့်သူ သေဆုံးသွားပြီး မောင်သန့်ဇင်ကျော်လက်တစ်ဖက်မှာ ကြင်သည့် ဝေဒနာကို ခံစားနေကြောင်း ကျောင်းဆရာမများထံမှ တစ်ဆင့် သိရသည်။

အမှုကို ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအုပ်တင်မျိုးထွဋ်မှ ကိုင်တွင်ပြီး ဖြစ်စဉ် အသေးစိတ်ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသွားခဲ့သည့် မောင်မိုးမြင့်သူအား အင်းစိန်ဆေးရုံမှ ( PR 14 ) လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ်ကို စစ်ဆေးနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

စောမင်းဦး
Narinjara
https://www.facebook.com/Narinjara
ရန်ကုန် ရွှေပြည်သာ အထက ၄ တွင် မိုးကြိုးပစ်ခံရ၍ န၀မတန်းကျောင်းသား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ ရန်ကုန် ရွှေပြည်သာ အထက ၄ တွင် မိုးကြိုးပစ်ခံရ၍ န၀မတန်းကျောင်းသား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.