ဗဟန်း လူသတ်မှု ပြစ်မှုကျူးလွန်သူ ဓါတ်ပုံ ထုတ်ပြန်


ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား တွေ့ရှိပါက သတင်းပေးနိုင်ပါရန် ဖော်ပြခြင်း

ရန်ကုန်၊ သြဂုတ် ၂၉

၂၉.၈.၂၀၁၆ ရက်နေ့ ၀၁၃၀ အချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် လူသတ်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ၎င်းရပ်ကွက်နေ ဒေါ်----သည် နေအိမ်အပေါ်ထပ်တွင် နေထိုင်သော တူဖြစ်သူ ကိုကျော်မြင့်၏ဇနီး မခိုင်မာလာ၊ ၄၀ နှစ်၏အော်သံနှင့် ကလေးငိုသံများကြားရ၍ အိမ်နီးချင်း ၂ ဦးနှင့်အတူ တက်ကြည့်ခဲ့ကြောင်း သိရပါသည်။

 ၎င်းအခန်းမှာ မီးများပိတ်ထားသည်ကိုတွေ့ရှိရပြီး ၎င်းအိမ်တွင် အလည်လာရောက်နေထိုင်သော ကိုကျော်မြင့်နှင့်ညီဝမ်းကွဲတော်စပ်သူ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်နေ အောင်ဇင်ဗိုလ်၊ (၃၀)နှစ်အားတွေ့ရှိသဖြင့် မေးမြန်းရာ အောင်ဇင်ဗိုလ်မှ ဘာမျှမဖြစ်ကြောင်း၊ မေ့ဆေးပေးထားခြင်း သာဖြစ်ကြောင်းပြောဆိုကာ ၎င်းတို့ ၃ ဦးအား နေအိမ်အောက်ထပ်သို့ ခေါ်ဆောင်သွားပြီး စကားပြောဆိုခဲ့ကြစဉ် အောင်ဇင်ဗိုလ်မှာ နေအိမ်မှထွက်သွားခဲ့ကြောင်း သိရပါသည်။

 ထို့နောက် ဒေါ်----နှင့် အိမ်နီးချင်း ၂ ဦးတို့မှ အဆိုပါ အခန်းသို့ထပ်မံသွားရောက်ပြီး မီးများဖွင့်၍ကြည့်ရှုခဲ့ရာ မခိုင်မာလာမှာ ကြမ်းပြင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လဲကျနေပြီး မျက်နှာအား အင်္ကျီအုပ်ထားသဖြင့် ဖယ်ရှားကြည့်ရှုရာ ပါးစပ်အတွင်းအင်္ကျီဆို့လျက် မျက်နှာညိုမဲဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကိုတွေ့ရှိသည့်အပြင် မခိုင်မာလာ၏ အသက် ၉ နှစ်အရွယ် သမီးဖြစ်သူကိုလည်း အောင်ဇင်ဗိုလ်မှ လည်ပင်းညှစ်ကာရိုက်နှက်သွားသဖြင့် ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရကြောင်းနှင့် ယင်းသို့ကျူးလွန်သူ အောင်ဇင်ဗိုလ်အား အရေးယူပေးရန် တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း (ပ)၂၅၅/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဇင်ဗိုလ်မှာ ဖော်ပြပါဓါတ်ပုံပိုင်ရှင်ဖြစ်ပြီး ၎င်းအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအနေဖြင့်လည်း ၎င်းနှင့် ပတ်သက်သည့် သတင်းတစ်စုံတစ်ရာရရှိပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းလက်ခံဌာန 199 Call Centre ဖုန်းအမှတ် ၁၉၉၊ ၀၁ ၂၃၂၃၁၉၉ ဖုန်းများသို့ ဆက်သွယ်သတင်းပေးကူညီနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဗဟန်း လူသတ်မှု ပြစ်မှုကျူးလွန်သူ ဓါတ်ပုံ ထုတ်ပြန်  ဗဟန်း လူသတ်မှု ပြစ်မှုကျူးလွန်သူ ဓါတ်ပုံ ထုတ်ပြန် Reviewed by THITHTOOLWIN on 17:19 Rating: 5
Powered by Blogger.