လာနီညာကြောင့် ရေကြီးတာရယ်၊ မုန်တိုင်းရယ်၊ ဖျက်မိုးရယ်က ဒီနှစ် မိုးလွန်ကာလမှာ သတိထားရမယ့်အချက်တွေပဲ


ရန်ကုန် သြဂုတ် ၁၃

မြန်မာနိုင်ငံ၌ယခုနှစ်နွေရာသီတွင် ပူပြင်းမှုစံချိန်တင်ခဲ့သည့် အယ်နီညိုရာသီဥတု ၏ ဖောက်ပြန်သောဖြစ်စဉ်ကြုံတွေ့ ခဲ့ရသည်။ အယ်နီညိုဖြစ်စဉ်ပြီးဆုံး သွားပြီးနောက် လာနီညာဖြစ်စဉ်ကို လာမည့်အောက်တိုဘာလမှစ၍ တဖြည်းဖြည်းကူးပြောင်းတော့မည်ဖြစ်ကာ ၂ဝ၁၇ ခုနှစ် ဇွန်လခန့်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

လာနီညာဖြစ်စဉ်တွင် အအေးပိုခြင်း၊ မိုးလွန်ကာလများ၌ မိုးများခြင်းအပြင် မုန်တိုင်းအန္တရာယ်များဖြစ်ပေါ် လာနိုင်သဖြင့် ကြိုတင်သတိထားသင့်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က တိုက်တွန်းထားသည်။ အဆိုပါလာနီညာဖြစ်စဉ်နှင့်ပတ်သက်သည့် သတိထားရ မည့်အချက်များ ကို ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ မြန်မာနိုင်ငံမှာ အယ်နီညိုကနေ လာနီညာဖြစ်စဉ် ကို ဘယ်အချိန်မှာ ကူးပြောင်းမှာပါလဲ။

ဖြေ။ အယ်နီညိုက ၂ဝ၁၅ ခုနှစ် ဇွန်လကစပြီးတော့ ဖြစ်တာ အခု ၂ဝ၁၆ ခုနှစ် ဇူလိုင်လမှာ ပြီးသွားပြီ။ လက်ရှိအခြေအနေက ပစိဖိတ်သမုဒ္ဒရာမှာ အယ်နီညိုမရှိတော့ဘူး။ ဒါပေမယ့် လာနီညာလည်း မဖြစ်သေးဘူး။ ဒါ့ကြောင့် ဒီကာလက ကြားနေကာလခေါ်တယ်။ အဲဒီတော့ ဒီကာလ ကစပြီး အောက်တိုဘာလအတွင်း လာနီညာဖြစ်စဉ်ကို တဖြည်းဖြည်းချင်း ကူးပြောင်းနေတယ်။ နောက်နှစ် ၂ဝ၁၇ ခုနှစ် ဇွန်လလောက်မှာ ပြီးလိမ့်မယ်လို့ခန့်မှန်းထားတယ်။

မေး။ လာနီညာဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာဘယ်လို ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ပါသလဲ။

ဖြေ။ လာနီညာလည်းဖြစ်လာမယ်၊ အားလည်းကောင်း မယ်ဆို ရင်ပေါ့။ ဖြစ်တော့ဖြစ် တယ် အားကသိပ်မကောင်းတာတို့၊ အသင့်အတင့်တို့ စသဖြင့်လျော့သွားမယ်ဆိုရင်လည်း အဖြေက နည်းနည်းတော့ ပြောင်း သွားနိုင်တယ်။ ဒါပေမယ့်ဖြစ်တတ်တဲ့သဘာဝအဆိုးဆုံးကို မြင်ကြည့်မယ်ဆိုရင် အကယ်၍အားကောင်းတဲ့ လာနီညာဖြစ်ခဲ့ရင် မြန်မာနိုင်ငံမှာ ကိုးလတာအတွင်း ဘယ်ရာသီဥတုတွေသွား အကျုံးဝင်မလဲဆိုတာ ပထမဆုံးကြည့်ရမယ်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာက မိုးလွန်ကာလဖြစ်တယ်။ ဒီကာလမှာ လာနီညာရဲ့အကျိုးသက်ရောက်မှုရှိမယ်။ ဒီဇင်ဘာလကနေ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ ဆောင်းရာသီမှာလည်း လာနီညာဆောင်းဖြစ်တဲ့အတွက် ထူးခြားမှုရှိမယ်။ မတ်၊ ဧပြီ နွေရာသီမှာလည်း လာနီညာ နွေရာသီ ဖြစ်တဲ့ အတွက် အနည်းငယ်အပြောင်းအလဲရှိ မယ်။ နောက်မေလကျတော့ လာနီညာမိုးကြိုဖြစ်တဲ့အတွက် အရေးအကြီးဆုံးက အဲဒီမိုးကြိုရာသီပဲ။ ဇွန်လက မိုးဦးရာသီဟာ လာနီညာမိုးဦးရာသီဖြစ်တာကြောင့် မိုးရွာသွန်းမှု မှာ အပြောင်းအလဲရှိမယ်။

မေး။ မိုးလွန်ကာလမှာ လာနီညာဖြစ်တဲ့အတွက် ဘာတွေများဖြစ်လာနိုင်မလဲ။

ဖြေ။ ယေဘုယျအားဖြင့် လာနီညာရာသီဥတုက မြန်မာပြည် ကို အေးပြီးစွတ် စိုစေတယ်။ အပူချိန်ကို လျော့စေတယ်၊ မိုးကိုတိုးစေတယ်။ နောက်ပြီး ဂျပန်က ပညာရှင်တွေရဲ့လေ့လာချက်အရ လာနီညာရာသီဥတုက မြန်မာပြည်ကို မုန်တိုင်းဝင်စေတယ်။ မိုးလွန်ကာလမှာ လာနီညာကြောင့်သတိထား ရမယ့်အချက် သုံးချက်ရှိပါတယ်။

ပထမအချက်က မြန်မာပြည်မှာ နှစ်စဉ်ရေကြီးကာလက သုံးကြိမ်ရှိတယ်။ ပထမအကြိမ်က ဇွန်လ၊ နောက် အခုဖြစ်နေတဲ့ ဇူလိုင်လနဲ့ သြဂုတ်လ၊ ပြီးရင် စက်တင်ဘာလ နဲ့ အောက်တိုဘာလတွေက တတိယရေကြီးကာလ ဖြစ်တယ်။ အဲဒီတတိယရေကြီးကာလရဲ့ ဒုတိယလက လာနီညာဖြစ်တဲ့ လဖြစ်သွားပြီ။ ဒါကြောင့် အပူလျော့ပြီး မိုးကိုတိုးစေတယ်။

မိုးရွာမှုကိုအားပေးတာကြောင့် ရေကြီးမှုကို သတိထားရတယ်။
ဒုတိယအချက်ကတော့ အောက်တိုဘာလမှာ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းတွေစုပြီးဖြစ်တတ်တယ်။ ၂ဝဝ၆ ခုနှစ်ကစပြီး ၂ဝ၁၅ ခုနှစ်အထိ ၁ဝ နှစ်အတွင်းမှာ မိုးလွန်ကာလဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လတွေမှာ တစ်နှစ်တစ်နှစ်ကို ပျမ်းမျှအားဖြင့် မုန်တိုင်းက အတိအကျပြောရင် ၃ ဒသမ၂ ခု ရှိတယ်။ ဒါက မုန်တိုင်းအနည်းဆုံး သုံးခုနဲ့၊ အများဆုံးက ငါးခုဖြစ်တယ်။ ဒီနှစ်က လာနီညာမိုးလွန်ဖြစ်တဲ့အတွက် မုန်တိုင်းဖြစ်ပေါ်မှု ပိုလာနိုင်တယ်။ ဒါဆို မြန်မာပြည်အတွက် ပြဿနာနှစ်ရပ်ရှိတယ်။ ပထမက မိုးလွန်ကာလဖြစ်တတ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကို ဝင်တတ်တဲ့အတွက် မုန်တိုင်း အန္တရာယ်ကို ပိုပြီး သတိထားရမယ်။ နောက်တစ်ချက်က ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းတွေဖြစ်ရင် မြန်မာပြည်ကို မဝင်သည့် တိုင်အောင် မိုးရွာတာကတော့သေချာတယ်။ ဒါပေမယ့် ရွာတဲ့ကာလကမှားနေတယ်။ ဒီအခါ လယ်သမားတွေအတွက် ဖျက်မိုးဖြစ်တာပေါ့။ ဒါကြောင့် ဖျက်မိုး အန္တရာယ်ကို သတိထားရမယ်။ ဒီတော့ ရေကြီးတာရယ်၊ မုန်တိုင်းရယ်၊ ဖျက်မိုးရယ်က ဒီနှစ်မိုးလွန်ကာလမှာ လာနီညာကြောင့် သတိထားရမယ့်အချက်တွေပဲ။
ဆောင်းရာသီရောက် သွားတော့ ၂ဝ၁၆ ဒီဇင်ဘာကနေ ၂ဝ၁၇ ဇန်နဝါရီ၊ ဖေဖော်ဝါရီ အထိ လာနီညာဆောင်းကြောင့် အအေးပိုနိုင်တယ်။ အအေးလှိုင်းဒဏ်ကို ရှမ်းပြည်နယ်မှာ အထူးသတိ ထားရမယ်။ နွေရာသီ လာနီညာ ကတော့ နည်းနည်းတော့ အပူလျော့နိုင်တာပေါ့။ အရေးအကြီးဆုံး က မေလပဲဖြစ်တယ်၊ ဒါက မိုးကြိုရာသီဖြစ်သွားတယ်။
မြန်မာပြည်မှာ မိုးကြို ရာသီ မှာဖြစ်တတ်တဲ့ ရာသီဥတု က သုံးမျိုးရှိတယ်။ တစ်မျိုးက မိုးတိမ်တောင်ဖြစ်တာရယ်၊ မုန်တိုင်းဖြစ်တာရယ်၊ မုတ်သုံဝင်တာရယ် ဒီသုံးမျိုးက လာနီညာကြောင့် အပြောင်းအလဲဖြစ်နိုင်တယ်။ မိုးတိမ်တောင်တွေ အဖြစ်များမယ်ဆိုရင် မိုးကြိုးပစ်တာတွေ၊ လေပြင်း တိုက်တာတွေ၊ နေရာ ကွက်မိုးကြီးတာတို့၊ လျှပ်တစ်ပြက်ရေကြီးတာတို့ ဒါတွေကို တော်တော် သတိထားဖို့ လိုလာတယ်။ မိုးကြိုးပစ်တဲ့အတွက် သေဆုံးသူအရေ အတွက်က နှစ်စဉ် များနေတယ်။ အချို့နှစ်တွေမှာ ၁ဝဝ ကျော်အထိရှိတယ်။ အထူးသဖြင့် တောင်သူလယ်သမား တွေဟာ မေလဆိုရင် လုပ်ငန်းခွင် ကိုစဝင်ကြပြီ။ ဒီအချိန်မှာ မိုးတိမ်တောင်တွေဖြစ်ပြီး မိုးကြိုးပစ်ရင် အများဆုံးသေ တာ က တောင်သူလယ်သမားတွေဖြစ်တယ်။ ဒါကို သတိထားရ မယ်။ နောက် ၂ဝ၁၇ မေလက လာနီညာရာသီဥတုဖြစ်မယ် ဆိုတော့ မုန်တိုင်းဝင်ဖို့ ပိုပြီးအလားအလာများသွားနိုင်တယ်။ ဒီနေရာမှာ တွက်ချက်မှု အရ တွေ့ရတဲ့အချက်တစ်ခုက နည်းနည်းစိတ်ဝင်စားစရာကောင်းနေတယ်။ ဒါကတော့ မြန်မာနိုင်ငံရဲ့မုန်တိုင်းသမိုင်းမှာ မြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းဝင်ဖူးတာ နှစ်ကြိမ်ပဲရှိတယ်။ တစ်ကြိမ်က ၁၉၇၅ ခုနှစ်၊ နောက် တစ်ကြိမ်က ၂ဝဝ၈ ခုနှစ်ပေါ့။ ကျန်တဲ့ အကြိမ်အားလုံးက ရခိုင်ကို ဝင်တာ များတယ်။ ဒီ နှစ်နှစ် လုံးက လာနီညာနှစ်တွေဖြစ်တာကြောင့် သတိထား ဖို့ ပြောချင်တယ်။ မုတ်သုံဝင်တာကတော့ နောက်ကျမှာပဲ။ ဒါကို အကြမ်းဖျင်းတွက်ကြည့်ရပါတယ်။ နောက်တစ်ခါ ဇွန်လက မိုးဦးရာ သီဖြစ်သွားတာကြောင့် လာနီညာ မိုးဦးရာသီဖြစ်တဲ့အတွက် မုတ်သုံကောင်းမယ်၊ မိုးများမယ်။ ဒါဆို အခုတွေ့နေရတဲ့ အတိုင်း ရေဘေးနဲ့ မြေပြိုမှု အန္တရာယ်ကို ဇွန်လမှာသတိထားဖို့လိုတယ်။

မေး။ ပြည်သူတွေကို လာနီညာဖြစ်စဉ်နဲ့ပတ်သက်ပြီး အသိပေးစကားပြောကြားပေးပါ။

ဖြေ။ အယ်နီညိုဖြစ်စဉ်နဲ့ လာနီညာဖြစ်စဉ်က ဟိုဘက် ဒီဘက်ပါပဲ၊ မဖြစ်တဲ့ကြား ကာလလည်း ရှိတယ်။ အရင်တုန်းက ခုနစ်နှစ်ကို တစ်ကြိမ်လောက်ဖြစ် တယ်။ခုတော့ပိုပြီး စိပ်လာတယ်။ သုံးနှစ်တစ်ကြိမ် လောက်ဖြစ်လာ တယ်။တစ်အချက်အနေနဲ့ လာမယ့်နှစ်မှာ လာနီညာဖြစ်နိုင် တယ်ဆိုတာ သိဖို့လိုတယ်။ နှစ်အချက်က လာနီညာဖြစ်ရင် ဘာဖြစ်တတ်လဲဆိုတာ အခုပြောပြတာတွေကိုလေ့လာရမှာဖြစ်တယ်။ သုံးအချက်က အချိန်ကပ် လာတာနဲ့အမျှ အနီးကပ် မိုးလေဝသဆိုင်ရာ ခန့်မှန်းချက်တွေကိုသတိ ထားပြီးနေဖို့နဲ့ အထူးသဖြင့် မိုးလွန်မှာ လယ်သမားတွေ အခါလွန်မိုးကို သတိထားဖို့နဲ့ မုန်တိုင်းအန္တရာယ်ကို သတိထားဖို့ပါ။ မိမိတို့လုပ်ငန်းတွေ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် ပေါ်မူတည်ပြီး အတိုးအလျှော့လုပ်ဖို့ လိုအပ်သလို ပြင်ဆင် ဖို့လိုတယ်။ အားလုံးပြင်ဆင်ဖို့နဲ့ ကာကွယ်ဖို့အပိုင်းကို ပိုပြီးသတိထားလုပ်စေချင်တယ်။

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။

သတင်း - မြတ်စန္ဒီသင်းဇော်
ဓာတ်ပုံ - မွန်းဦးနဒီ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လာနီညာကြောင့် ရေကြီးတာရယ်၊ မုန်တိုင်းရယ်၊ ဖျက်မိုးရယ်က ဒီနှစ် မိုးလွန်ကာလမှာ သတိထားရမယ့်အချက်တွေပဲ  လာနီညာကြောင့် ရေကြီးတာရယ်၊ မုန်တိုင်းရယ်၊ ဖျက်မိုးရယ်က ဒီနှစ် မိုးလွန်ကာလမှာ သတိထားရမယ့်အချက်တွေပဲ Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.