အထက်အမိန့်အရ မိုင်းယော်ဒေသခံ ၅ ဦးအား သတ်ရသည်ဟု တရားခံစစ်သည်များ ရမခ စစ်တိုင်းတရားရုံး၌ ထွက်ဆို

ဓါတ်ပုံ- ဂျွန်လကုန်က အသတ်ခံရ မိုင်းယော်ဒေသခံများ၏ အလောင်းများမြုပ်နှံထားသည့်နေရာ
ဩဂတ်စ်လ ၁၀ ရက် ၂၀၁၆

မိုင်းယော် ဒေသခံရွာသားများ အသတ်ခံရမှုတွင် အထက်အမိန့်အရ ရွာသား များအား ဓါးထိုးသတ်ရခြင်းဖြစ်ကြောင်း ၎င်းတို့တွင်အပြစ်မရှိကြောင်း တရားခံ စစ်သည်များက လားမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တရားရုံးတော် ၌ စစ်ဆေးစဉ် ထွက်ဆိုသည်ဟု သိရသည်။

ဩဂတ်စ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီမှ ည ၆ နာရီကျော်အထိ လားရှိုးမြို့ အခြေစိုက် ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တရားရုံးတွင် ခုံရုံး ဉက္ကဌ ဗိုလ်မှူးချုပ် နေဝင်းအောင် ၊ တရားလိုအရာရှိ ဒု ဗိုလ်မှူးကြီး ကျော်မိုးမြင့်၊ တရားခံအရာရှိ ဒု ဗိုလ်မှူးကြီး နိုင်ဝင်း တို့က လူသတ်မှုကျူးလွန်သော အမှတ် ၁၀ (စကခ) စစ်ဆင်ရေး နှင့် ကွပ်ကဲ ရေးဌာန ယာယီ တပ်မှူး ဗိုလ်မှူးကြီး မျိုးအောင်၊ ဟိုပန်အခြေစိုက် အမှတ် ၃၆၂ ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူး တင်မျိုးဇော် အပါအဝင် တရားခံ စစ်သည်ကေဒါ ၇ ဦးတို့အား အသတ်ခံရ မိုင်းယော်ဒေသခံများ၏ မိသားစု ၁၃ ဦး ရှေ့မှောက်၌ ရုံးတင် စစ်ဆေးခဲ့ သည်ဟု သိရသည်။

“ခုတော့ ဘာပြစ်ဒဏ်မှ မချသေးဘူး။ လျော်ကြေးတွေဘာတွေ အတွက် လည်း ဘာမှ မဆုံးဖြတ်သေးဘူး။ သိရတာက ရွာသားတွေကို သတ်တဲ့ စစ်သား တရားခံတွေကို လျှို့ဝှက်တရားစီရင်ရေးနဲ့ ထပ်မံစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ် သွား မယ်ပြောတယ်။ ပြစ်ဒဏ်ချမှတ်ရင် ရွာသားတွေကို ထပ်ပြီးအကြောင်း ကြားမယ်ပြောတယ်။ ရွာသားတွေဘက်က ဘာမှမပြောရဘူး။ ထိုင်နားေ ထာင်ရုံဘဲ ” ဟု စိုင်းလောဝ်ဖ ကပြောသည်။

ရွာသားများအားသတ်သည့် စစ်သည်ကေဒါများအား ရာဇဓတ်ကြီး ပုဒ်မ ၃၀၂ (၂)/၃၄ ပြစ်မှု ဖြင့် တရားစွဲဆို ထားခြင်းဖြစ်သည်။


အထက်အမိန့်အရ မိုင်းယော် ဒေသခံ ရွာသား ၅ ဦးအား သတ်သည် ဆိုသည့် စစ်သည် သုံးဦးမှာ တပ်ကြပ်ကြီး စိန်ဝင်းမောင်၊ တပ်ကြပ်ကြီး မောင်အုန်း နှင့် တပ်ကြပ်မောင်မောင်ထွေး တို့ဖြစ်၏။ ပါဝင်ပတ်သက်သည့် အရာရှိကြီး သုံးဦးမှာ တပ်မမှူး ဗိုလ်မှူးကြီး မျိုးအောင်၊ ဒုတိယ စစ်ဦးစီးမှူး (IO) ဗိုလ်မှူးအောင်နေဖြိုး နှင့် စရဖ အရာရှိ ဗိုလ်ကြီး လင်းနိုင်စိုး တို့ဖြစ်သည်။

အဆိုပါ စစ်ဆေးမှုတွင် တပ်ကြပ်ကြီး စိန်ဝင်းမောင် တဦးမှလွဲ၍ တရားခံ အားလုံးနီးပါးက မိုင်းယော်ကျေးလက် ရွာသား ၅ ဦးအား ပစ်သတ်မှု အမှန်ကျူးလွန်ရကြောင်းဝန်ခံကြောင်း တက်ရောက်နားထောင် သူ အေးနန်းက ပြောသည်။

“ အဲဒီ တပ်ကြပ်ကြီးတယောက်ကတော့ သူမမှားဘူး။ အထက်အမိန့်အရ သူလုပ်ရတာ သူ့မှာအပြစ်မရှိဘူးတဲ့၊ အထက်အရာရှိ အမိန့်အရ သူက ဘောင်းဘီအကြား သွားယူလာဝတ်ပေးရတယ်တဲ့။ ပြီးတော့ ၂ ယောက်ကို ဓါးနဲ့ထိုးသတ်တာလို့ထွက်ဆိုတယ်” ဟု ဆိုသည်။

သို့သော် ရွာသား ၅ ဦးမှာ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း၊ ၎င်းတို့၏ အလောင်းများအနီးတွင် ကျည်ခွံအမြောက်အများတွေ့ရကြောင်း မိုင်းယော်ဒေသခံများက ပြောဆိုခဲ့ကြသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၌ ဂျွန်လ ၂၅ ရက်နေ့က အစိုးရတပ်မတော် ခမရ ၃၆၂ က စစ်ကြောင်းတကြောင်း က ပြောင်းခြံလုပ်သား မိုင်းယော်ဒေသခံ ရွာသားငါးဦးအား ဖမ်းဆီးေ ခါ် ဆောင်ကာ ရိုက်နှက် စစ်ဆေး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ဝတ်စုံများဝတ်ပေးပြီး ဓါးဖြင့်ထိုးသတ် ခဲ့သည့်အမှုဖြစ်ပွါးခဲ့သည်။


အဆိုပါအမှုအား အမှုမှန်ပေါ်ပေါက်စေရန် မိုင်းယော်ဒေသခံ လူထု၊ တိုင်းရင်းသားလူငယ်အဖွဲ့များ၏ ဖိအားပေး တောင်း ဆိုမှုအပြင်၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ်နှင့် အဖက်ဖက်မှ စစ်ဆေးမှတ်တမ်းယူ ခဲ့သည်။ ထိုအတွက် ဩဂတ်စ်လ ၆ ရက်နေ့က မှုခင်းဆရာဝန်၊ တရားသူကြီးနှင့် လားရှိုးရဲတပ်ဖွဲ့က အသတ်ခံရသူ အလောင်း များအား တကြိမ်ထပ်မံတူးဖော်စစ်ဆေး ခဲ့ပြီးနောက် စစ်တရားရုံးတွင် တရားခံများအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တပ်မတော် စစ်သည်များ၏ လုပ်ရပ်ဖြစ်ကြောင်း၊ ပစ်မှုကျူးလွန်သူများ အား ပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း၊ နစ်နာသည့်မိသားစုရွာသားများ အားလည်း ထိုင်တန်သည့်လျှော်ကြေးပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ဂျူလိုင် ၂၀ ရက်နေ့က ပြောကြားသည်။

ဂျွန် ၂၅ ရက်နေ့က မိုင်းယော်ဒေသခံ ၅ ဦး အသတ်ခံရသည့်နေ့၌ မိုင်းယော် အဝင်တွင် ပစ်သတ်ခံရသော လားရှိုးမြို့ ဆိုင်ခိုက်အုပ်စု နမ့်ယော်ရွာသား ၂ ဦး (ဆိုင်ကယ်သမား) ကိုမူ ယာဘစစ်ဆေးတွေ့ရှိဟူ၍လည်းကောင်း၊ ပစ်သတ်မှု လက်သည်မှာ ၎င်းတို့စစ်ကြောင်း မဟုတ်၊ တအာင်းလက်နက်ကိုင်အဖွဲ့ ၏ လက်ချက်ဖြစ်သည်ဟူ၍လည်းကောင်း ငြင်းဆိုခဲ့ကြောင်းလည်းသိရပါသည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
အထက်အမိန့်အရ မိုင်းယော်ဒေသခံ ၅ ဦးအား သတ်ရသည်ဟု တရားခံစစ်သည်များ ရမခ စစ်တိုင်းတရားရုံး၌ ထွက်ဆို  အထက်အမိန့်အရ မိုင်းယော်ဒေသခံ ၅ ဦးအား သတ်ရသည်ဟု တရားခံစစ်သည်များ ရမခ စစ်တိုင်းတရားရုံး၌ ထွက်ဆို Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.