တောင်ကျရေကြောင့် ဟားခါးဆေးရုံ၌ ဆောက်လုပ်ဆဲ ရင်ခွဲရုံပြိုကျ


ဟားခါး သြဂုတ် ၂၂

ချင်းပြည်နယ်၌ ရွာသွန်းခဲ့သောမိုးကြောင့် ဟားခါးမြို့ ရုန်းတောင် တောင်ကျ ရေစီးဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ယနေ့နံနက် ၅ နာရီဝန်းကျင်က ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင်တည်ရှိသော ရင်ခွဲရုံတစ်ခု ပြိုကျပျက်စီးမှုဖြစ်ခဲ့သည်။

အဆိုပါတောင်ကျရေကြောင့် မြေသားများ ရွေ့လျားကာ ဟားခါးဆေးရုံရင်ခွဲရုံ ပြိုကျပျက်စီးခဲ့ရပြီး ဟားခါးမြို့ မှန်တော်လမ်းရှိ ဟားခါးမြို့ ရဲတပ်ဖွဲ့လူပျိုဆောင်ဝန်းကျင် ရှိ မြေသားများ မြေပြိုမှုများဖြစ်ခဲ့သော်လည်း အဆိုပါလူပျိုဆောင်များ ပျက်စီးခြင်း မရှိခဲ့ပေ။
''ဒီနေ့မနက်မှာပဲ ကျွန်တော်တို့ ပြည်နယ်ပြည်သူ့ဆေးရုံဝင်းထဲက ရင်ခွဲရုံ ပြိုတာနဲ့ ပြည်နယ် ကြက်ခြေနီစေတနာလုပ်အားရှင်တွေ အချိန်နဲ့တစ်ပြေးညီ အကူအညီပေးနိုင်ဖို့ သွားရောက်ခဲ့တယ်။ ရင်ခွဲရုံကဆောက်လုပ်ဆဲ အသစ်မို့မည်သူမျှ မရှိဘူးလေ။ ဘာထိခိုက်မှုမှလည်းမရှိခဲ့ပါဘူး။ မိုးကတိတ်သွားတယ်။ တောင်ကျ ရေကတော့ဆက်လက်စီးဆင်းတယ်။ ရေလမ်းတစ်လျှောက် ဝဲ/ယာမှာရှိတဲ့ လူနေအိမ် တွေ ထိခိုက်မှုမရှိခဲ့ပါဘူး။ တကယ်လို့ သဘာဝဘေးအန္တရာယ်ကြောင့် တစ်ခုခုဖြစ်ခဲ့ ရင်လည်း ကျွန်တော်တို့ ကြက်ခြေနီအဖွဲ့က အကူအညီပေးဖို့ အသင့်ရှိနေပါတယ်''ဟု ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အထောက်အကူပြု အရာရှိ ကျဲအိုလျန်ကျုံးက ပြောကြားသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် အများပြည်သူတို့အတွက် ရှေးဦး ပြုစုခြင်းနည်းပညာများ ဖြန့်ဝေပေးနေသည့်အပြင် သဘာဝဘေးအန္တရာယ်များ ကြောင့် စိတ်ဒုက္ခခံစားနေကြရမည့် အများပြည်သူတို့အား အချိန်နှင့်တစ်ပြေးညီ အကူအညီများပေးနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့များ (National Disaster Response Team) ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အဖွဲ့ (Emergency Response Team)များကိုစနစ်တကျ လေ့ကျင့်သင်ကြားပေး လျက် အများပြည်သူတို့အား အကူအညီများပေးရန် အသင့်ရှိနေပြီဖြစ်သည်။

 သို့ဖြစ် ရာ အများပြည်သူတို့အနေနှင့် သဘာဝဘေးအန္တရာယ်များ၊ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီစေတနာ လုပ်အားရှင်များအား ပူးပေါင်းကူညီဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ အချိန်နှင့် တစ်ပြေးညီ ကူညီနိုင်ရန် သတင်းများပေးပို့ခြင်းဖြင့်လည်းကောင်း မိမိတို့လှူဒါန်းလိုသော အလှူငွေပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသို့ ပေးပို့
လှူဒါန်းခြင်းဖြင့် လည်းကောင်း အကူအညီပေးနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုးဦး(မန္တလေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တောင်ကျရေကြောင့် ဟားခါးဆေးရုံ၌ ဆောက်လုပ်ဆဲ ရင်ခွဲရုံပြိုကျ  တောင်ကျရေကြောင့် ဟားခါးဆေးရုံ၌ ဆောက်လုပ်ဆဲ ရင်ခွဲရုံပြိုကျ Reviewed by THITHTOOLWIN on 08:14 Rating: 5
Powered by Blogger.