ဘယ်တော့ရုန်းထွက်နိုင်မလဲ… မပြေလည်ခြင်း နွံ


|| ၀သန် ||

ဘဲဥတစ်လုံး နှစ်ရာ တဲ့။ ကြားကြားချင်း နောက်တစ်ခေါက်ထပ်မေးမိသည်။ ဟုတ်ရဲ့လားပေါ့။ ဘဲဥတစ်လုံး နှစ်ရာ တဲ့။ တစ်ခါမှ မကြားခဲ့ဖူးတဲ့ဈေးတွေ ပါလား။ ရွေးကောက်ပွဲပြီးနောက်ပိုင်း ပြည်သူတို့မျှော်လင့်ထားသည့် အစိုးရတက်လာသည့်အတွက် အားလုံးတောင့်တမိသည်က အခြေခံ လူတန်းစား တို့အတွက် ကုန်ဈေးနှုန်းကျဆင်းရေး သည်မျှော်လင့်ချက် များစွာထဲမှတစ်ခုဖြစ်သည်။ သို့သော်အဆမတန်တက်လာသည်မှာ ကုန်ဈေးနှုန်းပင်။

" ဘဲဥတစ်လုံး နှစ်ရာ၊ ကန်စွန်းရွက်တစ်စည်း လေးရာဆိုတော့ ကျွန်မတို့အတွက် ခက်ခဲပါတယ်။ တစ်နေ့ဈေးဖိုး နှစ်ထောင်လောက် နဲ့ လောက်အောင်သုံးနေရတဲ့အနေအထားမှာ အသီးအရွက်ဈေးတွေ က ခေါင်ခိုက်နေတော့ အသားငါးဆိုတာ အနားတောင်မကပ်နိုင်ဘူး" ဟု လှိုင်သာယာမြို့နယ်နေ ဒေါ်သန်းက ပြောသည်။

တစ်နေ့လျှင် ငွေကျပ် လေးထောင်ခန့်သာရရှိသည့် နေ့စားအလုပ်သမား
များအတွက်စားဝတ်နေရေးဟူသည့် နေ့စဉ်ဖြတ်သန်းရသည့်အချက်များ
ထဲတွင် ဝမ်းစာဝရန် ကိုပင်အတော်ကြိုးစား နေကြရသည်။

ပြီးခဲသည့်ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတော့ ပြောခဲ့သည်။ လက်ရှိဖြစ်ပွားနေသော တစ်ပိသ၁ာလျှင် ကျပ် ခြောက်ထောင်၊ ခုနစ်ထောင်ပေးဝယ်နေရသောကြက်သားဈေးကို ကျပ် ၃,၅၀၀ ဖြင့် ပြည်ပနိုင်ငံတွေကနေတင်သွင်းခွင့်ပြုတော့မည် တဲ့။ ဒါလည်း စောင့်ကြည့်ရမည့် အနေအထားပင်။ အခုတော့ အသားငါးဈေး ကျဖို့မပြောနှင့်၊ အသီးအရွက်ဈေးကပင် ခေါင်ခိုက်နေလေပြီ။

"ဝန်ထမ်းတွေလစာတိုးလို့ ကုန်ဈေးနှုန်းတက်တာ ဆိုရင်တော့ အရင်ကနဲ့ဘာမှမထူးတော့ပါဘူး။ အရင်အစိုးရတုန်းကလည်း အစိုးရဝန်ထမ်းလစာတိုးရင် ကုန်ဈေးနှုန်းတက်တယ်။ ဒီလိုပဲသွားမယ်ဆိုရင် ကျွန်တော်တို့လို နေ့စားတွေ၊ လက်လုပ်လက်စားတွေ ဘယ်လိုရပ်တည်ရတော့မလဲ" ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ဦးအောင်အောင်က ပြောသည်။

ပြည်သူတင်မြှောက်သော ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် အခြေခံလူတန်းစားတို့၏ လူမှုဒုက္ခအ၀၀ကို မြင်ကြည့်ပေးစေချင်သည်။
အစိုးရသစ်သည် ပြည်သူ့အရေးကို မလုပ်ပေးဘူးဟုတော့ ဝေဖန်မစော
ချင်ပါ။ ဘာကြောင့်ဝေဖန်မစောချင်ရသလဲဟု ဆိုရလျှင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကိုယ်တိုင်က ပြည်သူတွေအကြောင်းသိချင်၍ ကွင်းဆင်းကြည့်သောအနေဖြင့် BRT ကားကြီးစီးခဲ့သည် မဟုတ်ပါလား။

ထိုသို့ BET စီးသည့်နည်းတူပင် ခရီးသွားပြည်သူ အများစု အလုပ်သွား အလုပ်ပြန် နေ့စဉ်တိုးဝှေ့စီးနင်းနေရသည့် ဘတ်စ်ကားလိုင်းများနှင့်
ဝမ်းရေး အတွက် နေ့စဉ်ဝယ်ခြမ်းနေရသော ဈေးများသို့ သွားရောက်ဖို့ ကိုလည်း ပြည်သူတို့မျှော်လင့်နေကြ သည်။ ယင်းသို့ ကွင်းဆင်းကြည့်ရှုမှ သာ နေ့စဉ်ရင်ဆိုင်ဖြတ်သန်းနေရသည့် အခက်အခဲများ၊ တရိပ်ရိပ်မြင့် တက်နေသည့်ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ကိုယ်တိုင် မျက်ဝါး ထင်ထင်တွေ့မြင်ရမည် မဟုတ်ပါလား။

အခြေခံလူတန်းစားတို့သည် နေ့စဉ်လုပ်ငန်းခွင်တွင် ရရှိသော ၀င်ငွေ တစ်ရက်လျှင် ၃,၆၀၀ ကျပ်နှုန်းဖြင့် ရရှိရန် အချိန်တော်တော်ကြာ ညှိနှိုင်းယူခဲ့ရချိန်တွင် ရန်ကုန်မြို့ရှိ ကြက်သား တစ်ပိသ၁ာနှုန်းသည် ကျပ် ခုနစ်ထောင်ဖြစ်နေလေပြီ။

ထိုမျှမကသေး နေ့စဉ် လုပ်ငန်းခွင်သို့သွားလာချိန်များတွင် ကြုံတွေရသော လမ်းကြောပိတ်ဆို့မှုကြောင့် လုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိရန် ဘတ်စ်ကားအဆင့်ဆင့် စီးသွားရသည့် ကားခ နှင့် မနက်စာ ဖြေရှင်းရန်အတွက်ကိုပင် ကျပ် တစ်ထောင် ၀န်းကျင်ခန့်ဖြစ်နေလေပြီ။

“ ထမင်းကိုတော့ အဆာခံအောင် ဆန်ကြမ်းပဲစားပါတယ်။ ဆန်ကြမ်းကပဲ တစ်ပြည်ကို ၁,၄၀၀ လောက် ပေးဝယ်ရတယ်။ ဟင်းကတော့ အာဟာရ ဖြစ်တယ် မဖြစ်တယ် တွက်မနေနိုင်တော့ပါဘူး။ တစ်နေ့ကို ဈေးဖိုးက သုံးထောင်လောက်ကုန်မှ အသားဟင်းပါတာ။
ဒါတောင် ၀၀လင်လင်မဟုတ် ၊ အသားမြင်ရရုံပဲလေ။ အခုချိန်မှာတော့ ကုန်ဈေးနှုန်းတွေကို မြန်မြန်ထိန်းချုပ်ပေးရင်ကောင်းမှာပဲ ” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော ဒေါ်ညိုဝင်းကပြောကြားသည်။

ကုန်ဈေးနှုန်းက ကြီးရုံသာမက ရန်ကုန်မြို့ပြတွင် ကျောတစ်နေရာစာနေရာ ရနိုင်ဖို့ကလည်း ခက်ခဲလှပေသည်။ ရန်ကုန်မြို့တွင် နေထိုင်သူများအနေဖြင့် အိမ်ပိုင်ရှိမှသာလျှင် ကျောအေးအေးဖြင့် နေထိုင်နိုင်မည်……။ အငှားဖြင့် နေထိုင်ပါက စားစရိတ်အပြင် အိမ်စရိတ်များကြောင့် ဘယ်လိုမှ ရုန်းမထွက်နိုင်လောက်အောင် ကျပ်တည်းကြရလေသည်။

အိမ်ခြံမြေ လုပ်ငန်းရှင်များကတော့ ပြောပါသည်။ အိမ်ခြံမြေဈေးနှုန်းတွေ ငြိမ်နေသည်၊ ၀ယ်လက်မရှိ၊ အရောင်းအ၀ယ်အေးသည် စသည်ဖြင့် …။
သို့သော်လည်း-

“ အိမ်တွေက ဈေးငြိမ်တယ်သာပြောတာပါ။ ကျွန်မတို့ အိမ်ငှားတွေ
ကတော့ ၁၄ ပေ တိုက်ခန်းလေး တစ်ခန်းကို တစ်သိန်းခွဲလောက်ပေး
ရတယ်။ ဒါတောင် အထပ်နိမ့်တို့၊ မြေညီထပ်တို့ဆို အနားတောင်မကပ်ရဲဘူး။ စာချုပ်ပြည့်လို့ထပ်ချုပ်ရင်လည်း ဈေးကတစ်ခါတက်သေးတယ်။ ဈေးမဆစ်ရဲဘူး။ အိမ်ရှင်တွေက ကိုယ်မနေလည်း ချက်ချင်းတက်မယ့်လူရှိတယ် ဆိုတော့ တောင်းတဲ့ဈေးပေးရတယ်” ဟု သင်္ဃန်းကျွန်းမြို့ နယ်နေ ဒေါ်လှလှ ပြောသည်။

‘စား ၀တ် နေ’ အရေးသုံးပါးတွင် အားလုံးအရေးကြီးသော်လည်း မြို့ပြတွင် ကျင်လည်လှုပ်ရှားနေကြသော အခြေခံလူတန်းစားတို့ မှာ နေ့စဉ် ၀မ်းမီးငြှိမ်းနိုင်ရေးနှင့် ကျောတစ်ခင်းစာ အဆင်ပြေနိုင်ရေးတို့အတွက် ပိုမိုဦးစားပေးနေရသည်။ ကျန်းမာရေးကိစ္စ အရေးပေါ်ကြုံလာရမည်ကို အတွေးထဲပင် မထည့်နိုင်သေး။

ယခုကြုံနေကြရသော အခက်အခဲဒုက္ခတို့မှ လွတ်မြောက်လိမ့်မည်ဟုလည်း မျှော်လင့် ယုံကြည်နေကြသည်။

ထိုထက်ပို၍ ဆိုရလျှင် ပြည်သူတို့၏ လက်သန်းကလေး မင်စွန်းခံကာ မဲပေးခဲ့သော ဒီမိုကရေစီ အစိုးရသည် ပြည်သူ့အတွက်ဖြစ်လိမ့် မည်ဟု ပြည်သူအများက ယုံကြည်လက်ခံနေကြဆဲဖြစ်သည်။

အစိုးရသစ်စတင်တာဝန်ယူပြီး ရက် ၁၀၀ စီမံချက်တွင် သိသာစွာပြောင်းလဲခြင်းမရှိခဲ့ခြင်းသည် ယခင်အစိုးရလက်ထက်များက တာဝန်ကိုဆက်လက်ယူရသောကြောင့် အချိန်အနည်းငယ်အတွင်း မပြောင်းလဲနိုင်ခြင်းကိုလည်း ပြည်သူအများက နားလည်နိုင်ကြပါသည်။

လက်ရှိအနေအထားမှာတော့ အစိုးရအဆက်ဆက် တိုင်းပြည်၏ မပြေလည်မှုအ၀၀ကို တိုက်ရိုက်ရရှိခံစားနေရသော အခြေခံလူတန်းစားတို့မှာ ဆင်းရဲနွမ်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှု တို့နှင့်အတူ မြင့်တက်နေသော ကုန်ဈေးနှုန်း၊ လက်လှမ်းမမီသော အိမ်၊ ခြံ၊ မြေဈေးနှုန်း နွံတို့ကြားတွင် ရုန်းရင်း၊ ကန်ရင်း၊ ဖြတ်သန်းရင်းဖြင့် ကျင်လည်နေရဆဲပင် ဖြစ်ပါ၏။

ဝသန်
The Ladies News
https://www.facebook.com/News.TheLadies/
ဘယ်တော့ရုန်းထွက်နိုင်မလဲ… မပြေလည်ခြင်း နွံ  ဘယ်တော့ရုန်းထွက်နိုင်မလဲ… မပြေလည်ခြင်း နွံ Reviewed by THITHTOOLWIN on 02:46 Rating: 5
Powered by Blogger.