နိရဉ္စရာ၊ သြဂုတ် ၂၄
ယနေ့ ညနေ ၅ နာရီ ၅ မိနစ်က ရစ်(စ်)တာ စကေး ၆ဒဿမ ၈ ပြင်းအားဖြင့် လှုပ်ခတ်သွားသော ငလျင်ကြောင့် မြောက်ဦးမြို့ရှိ ရှေးဟောင်း ဘုရားစေတီ အချို့ ပြိုပျက်သွားသလို မင်းပြား အထကကလည်း ကျောင်းနံရံများ ကွာကျ ပျက်စီးသွားခဲ့သည်ဟု သတင်း ရရှိသည်။
မြောက်ဦးမြို့ ရှေး/သု ညွှန်ကြားရေးမှူး ဦးငြိမ်းလွင်က “ ရတနာ့မာန်အောင် စေတီ ထီးတော်နဲ့ ငှက်ပျောဖူး ပြိုကျပါတယ်။ ငှက်ပျောဖူး အထက် ပေ ၂၀ ပြိုကျပျက်စီးသွားခဲ့ပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
၎င်းပြင် ကိုးသောင်းပုထိုးတော်ကြီးတွင်လည်း အရှေ့မြောက်ထောင့်က လိုင်ဂူ ပတ်လမ်း အတွင်းမှာ ကျောက်တုံး ၅ တုံးခန့် ပြိုကျပြီးတော့ နံရံတွင် ကပ်ထားသော ဘုရားရုပ်ထုတော် ၉ လက်မ အရွယ် ဆင်းထုတော် သုံးဆူ ပဲ့ကျသွားကြောင်း၊ ရတနာပုံစေတီမှာ ထီးတော် အောက်လုံး အရစ်မှာ ရွေးလုံး ကိုးလက်မလောက် ပျက်စီးသွားကြောင်း ဦးငြိမ်းလွင်က ဆက်လက် ပြောကြားသည်။
“ လောင်းပွန်းပြောက်၊ ထူပါရုံ၊ အန္တရာယ်ရှိတဲ့ ဘားဘူတောင်၊ လောကမာန်အောင် မပျက်ပါဘူး။ ကျန်တဲ့ ဘုရားတွေ စစ်ဆေးနေတုန်းဘဲ ဖြစ်ပါတယ်။ အထိအခိုက်တော့ မရှိဘူး။ ရတနာမာန်အောင်မှာ လူရှိနေခဲ့ရင် သေနိုင်ပါတယ်” ဟု သူက ဆိုသည်။
အလားတူ မင်းပြားမြို့တွင်လည်း အထက ကျောင်းလှေကားအနီးရှိ နံရံ ကွာကျ ပျက်စီးသွားခဲ့သည်ဟု ကျောင်းသို့ သွားရောက် ကြည့်ရှုခဲ့သူ မင်းပြားဒေသခံ ဦးမောင်ကျော်ဇံက ပြောကြားသည်။
တစ်ခြားမြို့များတွင်လည်း လူပ်ခတ်မှုများ ရှိသဖြင့် အပျက်အစီး သတင်းရရှိပါက တင်ပြပေးသွားပါမည်။
Narinjara
https://www.facebook.com/Narinjara
ငလျင်ကြောင့် မြောက်ဦးရှိ ရတနာမာန်အောင်၊ ကိုးသောင်းနှင့် ရတနာပုံ ရှေးဟောင်းဘုရားများ ထိခိုက်မှုရှိ
Reviewed by THITHTOOLWIN
on
04:35
Rating:
