လူငယ်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


မော်လမြိုင်၊ သြဂုတ် ၁ ။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်နယ်မြေရဲစခန်းအပိုင်း တောကြီးကျေးရွာတွင် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်နက်ခဲယမ်းများကို ဇူလိုင် ၃၁ ရက်နေ့က ဖမ်းဆီး ရမိခဲ့ကြောင်း ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ဟင်္သာမီဒီယာသို့ ပြောပြသည်။

ထိုနေ့ နံနက် ၁၁ နာရီခန့်က ဇာသပြင်နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်သန်း ဦးစီးသည့်အဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ တောကြီးကျေးရွာရှိ စောဝင်းထွန်းအောင်နေအိမ်ကို ဝင်ရောက်ရှာဖွေချိန် ၎င်းမှာ နေအိမ်အပေါ်မှ လွယ်အိတ်တစ်လုံးလွယ်၍ လယ်ကွင်းဘက်သို့ ခုန်ချထွက်ပြေးခဲ့ကြောင်း ၎င်းက ပြောသည်။


မောင်စောဝင်းထွန်းအောင်သည် လယ်ကွင်းဘက်သို့ ထွက်ပြေးသွားသဖြင့် ဇာသပြင်နယ်မြေ ရဲတပ်ဖွဲ့က စပါးပင်များ စိုက်ပျိုးထားသော လယ်ကွက်တွင် လိုက်လံဖမ်းဆီး၍ ၎င်းလွယ်ထားသော လွယ်အိတ်ကို ရှာဖွေ စစ်ဆေးခဲ့ရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားနှင့်အတူ USA တံဆိပ်ပါ ပွိုင့် ၂၂ အမျိုးအစား ပစ္စတိုသေနက် တစ်လက်နှင့် ထိုပစ္စတိုသေနတ်တွင် အသုံးပြုသော ကျည်ငါးတောင့်နှင့် ငွေစက္ကူ ၂၈၄၀၀၀ ကျပ်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆိုသည်။

မောင်စောဝင်းထွန်းအောင်နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်ရှိ သံပုံးတစ်လုံးအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြား၊ WY စာတန်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြားနှင့် (၅ ဒသမ ၅၆) ကျည် ၃၃ တောင့်၊ ပွိုင့် ၂၂ ပစ္စတိုကျည် ၆၅ တောင့်၊ (91) လက်ပစ်ဗုံးတစ်လုံးတို့ကို ထပ်မံတွေ့ရှိခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

ထိုအပြင် ၎င်းနေအိမ်မှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဝါးပြောင်း ခြောက်ခုနှင့် ဆက်စပ်ပစ္စည်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည်ဟု ၎င်းက ဆိုသည်။

စိတ်ကြွးရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများကို လက်ဝယ်တွေ့ရှိခဲ့သူ စောဝင်းထွန်းကို ဇာသပြင် နယ်မြေရဲစခန်းတွင် မူးယစ် (ပ) ၈/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀ (က)/၂၂ (ခ) အရ အမှုဖွင့်ထားကြောင်း ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းအရ သိရသည်။

သတင်း-ခေတ်မင်း
ဓာတ်ပုံ-မျိုးအောင်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
လူငယ်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ လူငယ်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.