တွဲသင်္ဘောပျက်အတွင်းမှ အဆိပ်ဓါတ်ငွေ့များ ရှူမိရာ တရုတ်တစ်ဦး နှင့် ဘင်္ဂလားဒေ့ရှ်တစ်ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယ အကြီးဆုံး မွန်ဂလာ ပင်လယ်ဆိပ်ကမ်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဒါကာ၊ သြဂုတ် ၈ရက် (ဆင်ဟွာ)

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အနောက်တောင်ဘက် ၁၇၈ကီလိုမီတာ အကွာ ဘာဂါဟက်ခရိုင် ရှိ နိုင်ငံ၏ ဒုတိယ အကြီးဆုံး မွန်ဂလာ ပင်လယ်ဆိပ်ကမ်း တွင် ထားရှိသည့် တွဲသင်္ဘောပျက်တစ်စီးအတွင်းမှ အဆိပ်ဓါတ်ငွေ့များ ရှူမိရာ တရုတ်နိုင်ငံသား တစ်ဦး နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က သြဂုတ် ၈ ရက်တွင်ပြောကြားခဲ့သည်။

မွန်ဂလာမြို့ ရဲစခန်း တာဝန်ခံရဲအရာရှိတစ်ဦး ဖြစ်သည့် Sheikh Lutfur Rahman က သေဆုံးသူ တရုတ်နိုင်ငံသား သည် အသက် ၅၀နှစ်ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယ အကြီးဆုံး Padma တံတားတည်ဆောက်ရေးလုပ်ငန်း ၏ တစ်စိတ်တစ်ပိုင်းအား တာဝန်ယူဆောင်ရွက်နေသည့် တရုတ်ကုမ္ပဏီတစ်ခု တွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

၎င်းက အခြားသေဆုံးခဲ့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမှာ အသက် ၄၂ နှစ်အရွယ် Masud Sheikh ဆိုသူဖြစ်ပြီး ၄င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်သီး အုပ်စု တစ်ခု ဖြစ်သည့် Bashundhara အုပ်စု၏ Meghna ဘိလပ်မြေစက်ရုံ မှ နည်းပညာရှင်တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံသားအား ကယ်ဆယ်ရန် ကြိုးစားရင်း အသက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့၏ ရုပ်အလောင်းများအား ဆေးရုံတစ်ခု ၏ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ကျန်း အမည်ရှိ တရုတ်နိုင်ငံသားသည် တွဲသင်္ဘောပျက်အား လာရောက်စစ်ဆေးခြင်း ဖြစ်ကာ သြဂုတ် ၇ ရက် တွင် နှစ်ပေါင်းများစွာ ပိတ်ထားသည့် အလုံခန်းအတွင်းသို့ ဝင်ရောက်စဉ် ဒေသစံတော်ချိန် နံနက် ၁၁း၃၀နာရီခန့်က သတိမေ့သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် Masud သည် တရုတ်နိုင်ငံသားထံမှ တစ်စုံတစ်ရာ တုံ့ပြန်သံမကြားရ၍ ၄င်းအား ကယ်ဆယ်ရန် အလုံပိတ်အခန်းအတွင်း သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း Rahman က ဆိုသည်။

၎င်းတို့ နှစ်ဦးအား ဒေသခံဆေးရုံတစ်ခုသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်လည်း သေဆုံးနေပြီဖြစ်ကြောင်း ဆရာဝန်များက အတည်ပြုပြောကြားခဲ့သည်။

Rahman က ၄င်းတို့သည် အဆိပ်ဓါတ်ငွေ့များကြောင့် အလုံပိတ်အခန်းထဲ၌ပင်သေဆုံးခဲ့ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
တွဲသင်္ဘောပျက်အတွင်းမှ အဆိပ်ဓါတ်ငွေ့များ ရှူမိရာ တရုတ်တစ်ဦး နှင့် ဘင်္ဂလားဒေ့ရှ်တစ်ဦး သေဆုံး  တွဲသင်္ဘောပျက်အတွင်းမှ အဆိပ်ဓါတ်ငွေ့များ ရှူမိရာ တရုတ်တစ်ဦး နှင့် ဘင်္ဂလားဒေ့ရှ်တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 16:15 Rating: 5
Powered by Blogger.