ရန်ကုန်တိုင်းဒေသကြီး၌ ခုနစ်လအတွင်း မိမိကိုယ်ကို သတ်သေမှု တရာကျော်ဖြစ်ပွားခဲ့ကြောင်း သိရ


၂၀၁၆ ခုနှစ် နှစ်စမှ ဇူလိုင်လအထိ ခုနစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မိမိကိုယ်ကိုယ်သတ်သေမှု တရာကျော်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုများတွင် ကြိုးဆွဲချသေခြင်း၊ အဆိပ်သောက်ခြင်း၊ အမြင့်မှခုန်ချခြင်း၊ မိမိ ကိုယ်ကို ဓားဖြင့်လှီးခြင်းများ အများဆုံးဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါသတ်သေမှုများသည် စိတ်ဓာတ်ကျခြင်း၊ စီးပွားရေးမပြေလည်ခြင်း၊ ရောဂါဝေဒနာဆိုးများ ခံစားနေရခြင်း၊ အရက်ကြောင့် စိတ်ကစဥ့်ကလျား ဖြစ်၍ ကြံစည်ခြင်း၊ လူမှုရေးရာပြဿနာဖြစ်ပေါ်ခြင်းကြောင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

''မိမိကိုယ်ကိုယ် သေကြောင်းကြံစည်တာက အများအားဖြင့် စိတ်ကျရောဂါကြောင့် အများဆုံးပဲ။ အရက် ကြောင်ပြီးတော့လည်း ဖြစ်ပွားမှုများတယ်။ လူတွေက အဓိကတော့ အဖြေကို သေချာမစဉ်းစားဘူး။ စိတ်ဖိစီးမှု ဒဏ်ကို ခံစားရပြီး လွယ်လွယ်သတ်သေသွားကြတယ်။ စိတ်အေးအေးထားပြီး ဆုံးဖြတ်နိုင်ခဲ့ရင် ဒီလိုကိစ္စတွေ ဖြစ်ပေါ်မှာ မဟုတ်ဘူး''ဟု စိတ်ရောဂါအထူးကုဆရာဝန်ကြီးတဦးက ပြောသည်။

စီးပွားရေး၊ လူမှုရေးပြဿနာများ အပြင် အရက်သေစာသောက်စားခြင်းများကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်းများ ဖြစ်ပွားလေ့ရှိပြီး မကြာခဏဆိုသလိုပင် ကြိုးဆွဲချသေခြင်း၊ ရထားကြိတ်ခံခြင်း၊ အဆိပ်သောက်ခြင်း၊ အမြင့်မှခုန်ချသေခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မိမိကိုယ်ကိုယ် သတ်သေမှုများနှင့်ပတ်သက်၍ ဆရာတော်တပါးဖြစ်သူ ဓမ္မသုတေသီ(မန္တလေး)က ''မိမိကိုယ် ကိုယ်သတ်သေရင် အဖန်ငါးရာငါးကမ္ဘာခံရမယ်ဆိုတာက ကောလာဟလပါ။ ကျမ်းဂန်ထဲမှာ မပါဘူး။ ကျမ်းဂန်ထဲမှာ မပါဘူးဆိုပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာကျမ်းဂန်အရပြောရရင် မောဟ၊ ဒေါသ၊ လောဘတွေနဲ့ သေရင် မကောင်းတဲ့ဘုံဘ၀ကို ရောက်ရှိမယ်။ မိမိကိုယ်ကိုယ် သတ်သေခါနီးကောင်းတဲ့ကုသိုလ်စိတ်က မ၀င်လာနိုင်တော့ဘူး။ ဒါကြောင့် အရာရာကို သေချာစဉ်းစားဆုံးဖြတ်ပါ''ဟု မိန့်ကြားသည်။

သေဆုံးရန်ပြုလုပ်ချိန်တွင် မကောင်းသောစိတ်၊ ကောင်းသောကုသိုလ်များ စိတ်ထဲတွင် မည်ကဲ့သို့မျှ မကိန်းအောင်းနိုင်ကြောင်း အနည်းဆုံး မောဟနဲ့သေခြင်းကြောင့် မကောင်းသောဘုံဘ၀ကိုသာ ရောက်ရှိနိုင်ကြောင်းနှင့် ရခဲ့သောလူဘ၀အား သေချာဆုံးဖြတ်သင့်ကြောင်း ဆရာတော်မှ ဆက်လက်မိန့်ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိမိကိုယ်ကိုယ် သတ်သေမှုများတွင် ကြိုးဆွဲချသေဆုံးခြင်း ၉၄ မှု၊ အဆိပ် သောက်သေမှု ၂၃ မှု၊ မိမိကိုယ်ကို ဓားဖြင့်လှီးဖြတ်ခြင်း ၅ မှုရှိပြီး ရေနစ်သေဆုံးမှု ၁၃၆ မှု၊ အမြင့် မှပြုတ်ကျသေဆုံးခြင်း ၅၈ မှု၊ ရထားကြိတ်မှု ၁၀ မှုများတွင်လည်း မိမိကိုယ်ကို သတ်သေမှုများတွင် အများဆုံးပါဝင်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရန်ကုန်တိုင်းဒေသကြီး၌ ခုနစ်လအတွင်း မိမိကိုယ်ကို သတ်သေမှု တရာကျော်ဖြစ်ပွားခဲ့ကြောင်း သိရ  ရန်ကုန်တိုင်းဒေသကြီး၌ ခုနစ်လအတွင်း မိမိကိုယ်ကို သတ်သေမှု တရာကျော်ဖြစ်ပွားခဲ့ကြောင်း သိရ Reviewed by THITHTOOLWIN on 14:40 Rating: 5
Powered by Blogger.