နှီးပဒေါ-ရောင်ဒေါင်း လမ်းမကြီးဘေးတွင် မွေးကင်းစ မိန်းကလေးငယ်တစ်ဦး စွန့်ပစ်ခံရ


မော်လမြိုင်၊ သြဂုတ် ၁၃ ။ ။မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာအပိုင်း နှီးပဒေါ-ရောင်းဒေါင်း ကားလမ်းမကြီးဘေးဇရပ်တွင် မွေးကင်းစ မိန်းကလေးငယ်ကို စွန့်ပစ်ထားသည်ကို နှီးပဒေါကျေးရွာ ရွာသားတစ်ဦးက သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီက တွေ့ရှိခဲ့ကြောင်း နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။

ထိုကလေးငယ်ကို ဈေးဆွဲခြင်းထဲတွင် ဆန်အိတ်ဖြူခံ၍ ထမိန်စုတ်နှင့်ပတ်ကာ ခေါင်းပတ် ရော်ဘာခြစ်ဓာတ်မီးနှင့် အလင်းပေးစွန့်ပစ်ခဲ့ပြီး၊ ထိုအချိန်တွင် မိုးများရွာသွန်းနေသဖြင့် ကလေးငယ်မှာ မိုးရေးများ အပတ်ခံထားရသည်ဟု ကလေးကောက်ခံရခဲ့သူ နှီးပဒေါရွားသား ဦးရဲမွန်ထံမှ ရှင်းပြသည်။

နှီးပဒေါရွာသား ဦးရဲမွန် (ခ) ခရော့သည် နံနက်စောစော မှိုရှာရန် တောထဲသို့ ထွက်လာစဉ် ဈေးဆွဲခြင်းတောင်း တစ်ခုကို မြင်တွေ့ခဲ့သော်လည်း ဝင်မကြည့်မိခဲ့ကြောင်းနှင့် မှိုရှာပြီးနောက် နေအိမ်ပြန်လာစဉ် ထိုဈေးဆွဲခြင်းမှာ ကားလမ်းဘေး ဇရပ်ပေါ်တွင် ရှိနေသေးသဖြင့် ဈေးဆွဲခြင်းထဲချောင်းကြည့်ခဲ့ရာ စွန့်ပစ်ခံရသော ကလေးငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဦးရဲမွန်က ခလေးကောက်ရမှု အဖြစ်အပျက်ကို ထပ်မံရှင်းပြသည်။

ကလေးငယ် မွေးဖွားအချိန်က ဆွဲထုတ်ထားသည့် လက်ရာများကြောင့် ကလေးငယ်၏ နောက်ကျောတွင် ဒဏ်ရာအနည်းငယ် ရရှိထားသဖြင့် သံဖြူဇရပ်ဆေးရုံသို့ ဆေးကုသခံယူရန် စီစဉ်နေကြောင်း ဦးသိန်းဝင်းက ထပ်လောင်း ပြောဆိုသည်။

“အခု လောလောဆယ်တော့ ကလေးက ကောက်ရတဲ့လူကပဲ ကြည့်ထားတာပေါ့။ ကျွန်တော်တို့ကတော့ ကလေးအတွက် ဆေးဖိုး၊ စားသောက်ဖိုး တတ်နိုင်သလောက် ကူညီပေးမယ်”ဟု နှီးပဒေါအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ဆိုသည်။

ဦးရဲမွန်သည် တောထဲတွင် မှိုချိုး၊ မျှစ်ရှာသည် အလုပ်ဖြင့် ၎င်း၏ မိသားစုငါးဦးကို ကျွေးမွေးပြုစုနေရသဖြင့် ထိုကလေးအား ထပ်မံမွေးစားရန် အခက်အခဲရှိကြောင်းနှင့် ကလေးငယ်အတွက် နို့ရည်တိုက်ကျွေးရန် ယခုခေတ်ကာလ၏ ငွေကုန်ကျစရိတ်ကို မတက်နိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ဆိုသည်။

စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ်အား မွေးစားလိုပါက ကောက်ခံရထားသူ၏ ခွင့်ပြုချက်ရယူကာ စာချုပ်ချုပ်ဆို၍ မွေးစားနိုင်ပြီး ထိုကလေးအား မွေးစားမည့်သူမရှိပါက သက်ဆိုင်ရာရဲစခန်းထံ အကြောင်းကြားမည်ဖြစ်ကြောင်း ဦးသိန်းဝင်းက ပြောသည်။

ရောင်နီဝင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
နှီးပဒေါ-ရောင်ဒေါင်း လမ်းမကြီးဘေးတွင် မွေးကင်းစ မိန်းကလေးငယ်တစ်ဦး စွန့်ပစ်ခံရ နှီးပဒေါ-ရောင်ဒေါင်း လမ်းမကြီးဘေးတွင် မွေးကင်းစ မိန်းကလေးငယ်တစ်ဦး စွန့်ပစ်ခံရ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.