ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကိစ္စ အဆင်ပြေမယ်လို့ တရုတ်မျှော်လင့်

Photo: Myanmar State Counsellor Office Facebook
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်လို့ အပြုသဘောဆောင်တဲ့ သဘောထားတွေ ကြားရလိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ်အစိုးရထုတ် Global Times သတင်းစာက သြဂုတ်လ (၁၅) ရက် ဒီကနေ့ ရေးသားလိုက်ပါတယ်။

 ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဧရာဝတီမြစ်ရိုးတလျှောက်က ရေအားလျှပ်စစ်စီမံကိန်းတွေကို လေ့လာစိစစ်သုံးသပ်မယ့် ကော်မရှင်တရပ် ဖွဲ့စည်းလိုက်တဲ့သတင်းကို အခြေခံပြီး တရုတ်သတင်းစာက အခုလို ရေးလိုက်တာပါ။

 ဒါဟာ မြစ်ဆုံစီမံကိန်း ပြန်စမယ့်အကြောင်း အချက်ပြလိုက်တာလို့ အတော်များများက ယူဆထားကြကြောင်း၊ ဒါ့ပြင် အနောက်အုပ်စုနဲ့ တရုတ်အကြား အရှေ့တောင်အာရှမှာ ပထဝီနိုင်ငံရေး အားပြိုင်မှုအပေါ် မြန်မာအစိုးရသစ်ရဲ့ သဘောထား၊ တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုအပေါ် သဘောထားကို ပြသနေတယ်လို့ ယူဆကြကြောင်းလည်း သတင်းမှာ ရေးသားထားပါတယ်။

 တချိန်တည်းမှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ဝန်ကြီးချုပ် လီကဲ့ကျင်းရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သြဂုတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တရားဝင် အလည်အပတ် လာရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားဖို့အတွက် နှစ်နိုင်ငံ သံတမန်ကြောင်းအရ တိုင်ပင် ဆွေးနွေးခဲ့ကြပြီး၊ တရုတ်ဘက်က သမ္မတအဆင့် မဟုတ်ဘဲ ဝန်ကြီးချုပ်အနေနဲ့ ဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့တာလို့ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက သြဂုတ်လ (၁၅) ရက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကိစ္စ အဆင်ပြေမယ်လို့ တရုတ်မျှော်လင့်  ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကိစ္စ အဆင်ပြေမယ်လို့ တရုတ်မျှော်လင့် Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.