ဆင်ပစ်မုဆိုးများက ဂိုဏ်းဖွဲ့၍ ဆင်များကို သတ်ဖြတ်မှုများရှိနေ

ပြီးခဲ့တဲ့ ဇူလိုင်လက အရေခွံခွါပြီး အစွယ် ဖြတ်ထားတဲ့ ဆင် ၊ ရခိုင်ရိုးမတောအတွင်း တွေ့ ရှိ။ 
ပုသိမ် ၊ ၇-၈-၂၀၁၆

ရခိုင်ရိုးမနှင့် ဆက်စပ်လျက် ရှိသော သစ်တောများ အတွင်း ဆင်ပစ်မုဆိုး များက ဂိုဏ်းဖွဲ့ကာ ဆင်များကို သတ်ဖြတ်မှုများ ပြုလုပ်နေသည် ဟု ယူဆရကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းမြင့်ထူး က ပြောသည်။

နွေရာသီ ရေခန်းချိန်နှင့် အစာရေစာ ရှားပါးနေချိန် တို့တွင် ဆင်များသည် စားကျက် အသစ်များ လိုက်လံ ရှာဖွေကာ နေရာဒေသ အသစ်များသို့ ပြောင်းရွှေ့ သွားလာကြသည်။ ယင်းကဲ့သို့သော အခြေအနေ များကို ဆင်ပစ်မုဆိုး များက ခြေရာခံ၍ သတ်ဖြတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

''ဆင်တွေကို သတ်ပြီးတော့ ခေါင်းဖြတ် အစွယ်ထုတ်ယူတဲ့ သူတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီး ဌာနတို့ ပူးပေါင်းပြီး ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်။ ငါးနှစ်တာ ကာလအတွင်းမှာ တရားခံ စုစုပေါင်း ၃ဝ ဦး ကို အရေးယူ နိုင်ခဲ့ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ပြီးခဲ့တဲ့ ဇူလိုင်လက အရေခွံခွါပြီး အစွယ် ဖြတ်ထားတဲ့ ဆင် ၊ ရခိုင်ရိုးမတောအတွင်း တွေ့ ရှိ။ 
ယခင်က ဆင်အစွယ်ကို လိုချင်သောကြောင့် ဆင်များကို သတ်၍ ခေါင်းဖြတ်ခြင်း ရှိသော်လည်း ယခု နောက်ပိုင်းတွင် အစွယ် သာမက အရေပြားနှင့် အမြီးတို့ကို ယူပြီး ဆင်ပစ်မုဆိုး များက စားသောက်ရန် ရိက္ခာအဖြစ် ဆင်၏ ကျောရိုး တောက်လျှောက်၌ ရှိသော အသားများကို လှီး၍ ထုတ်ယူလာ ကြသည်။ ဆင်များ သေဆုံးရခြင်းမှာ ကျူးကျော်နေထိုင် စိုက်ပျိုးကြ သူများကြောင့် ဆင်များအတွက် စားကျက်နေရာများ ပျောက်ဆုံးကာ လူနေကျေးရွာ စိုက်ခင်းများ အနီး သို့ လာရောက်၍ အစားအသောက် ရှာဖွေရာမှ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငါးနှစ်အတွင်း ရခိုင်ရိုးမ တစ်လျှောက်၌ တောဆင်ရိုင်း များကို သတ်ဖြတ်၍ ဆင်စွယ် ဖြတ်တောက်မှု များကြောင့် တောဆင်ရိုင်း များအနက် စွယ်စုံဆင်များ ရှားပါးလာကာ တောဆင်ရိုင်း ကောင်ရေ ၁၂ဝဝ မှ ၁၆ဝဝ ကြားသာ ကျန်ရှိတော့ကြောင်း သိရသည်။

ပုသိမ်ခရိုင် အတွင်းရှိ သစ်တောကြိုးဝိုင်း များ၌ ငါးနှစ်တာ ကာလအတွင်း တောဆင်ရိုင်း ၄၂ ကောင် အသတ်ခံရကြောင်း၊ ဆင်များကို ဖမ်းဆီး သတ်ဖြတ်သည့် သူများအား ပြစ်ဒဏ်အဖြစ် အနည်းဆုံး ထောင်ဒဏ် နှစ်နှစ်မှ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီ
https://www.facebook.com/mwdmedia
ဆင်ပစ်မုဆိုးများက ဂိုဏ်းဖွဲ့၍ ဆင်များကို သတ်ဖြတ်မှုများရှိနေ  ဆင်ပစ်မုဆိုးများက ဂိုဏ်းဖွဲ့၍ ဆင်များကို သတ်ဖြတ်မှုများရှိနေ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.