တစ်ကမ္ဘာလုံးတွင် (သြဂုတ် ၂၄ ရက်)၌ မြေငလျင်ပေါင်း ၉၃ ကြိမ် လှုပ်ခတ်ရာ ချောက်မြေငလျင်မှာ အင်အားအပြင်းထန်ဆုံးဖြစ်ပြီး အပျက်အစီး၊ အသေအပျောက်ရှိ


နေပြည်တော် သြဂုတ် ၂၅

သြဂုတ်လ (၂၄)ရက်နေ့ ညနေ ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်တွင် ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်အကွာ၊ မကွေးမြို့နှင့် ၉၈ကီလိုမီတာအကွာ တညောင်ချောင်းအထက် ဆိပ်ဖြူ-ကန်စွန်းမလမ်း တောင်ဘက်ကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အား ပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် မကွေးတိုင်းဒေသ ကြီး၊ မန္တလးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ ချင်းပြည်နယ်တို့အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် ငလျင်ဒဏ် ခံစားခဲ့ ရပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် စေတီပုထိုးများ၊ အဆောက်အအုံများ ပျက်စီး ခဲ့ရကာ လူအချို့သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။

ကယ်ဆယ်ရေးစတင်ပြီ

''ငလျင်အတွက် သတင်းတွေ အဆက်မပြတ် ထုတ်ပြန်ပေးသွားမှာဖြစ်သလို ကယ်ဆယ်ရေးတွေလည်း စတင်နေပြီဖြစ်ပါတယ်။ ငလျင်ဌာနကလည်း တိုင်းတာမှု တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ကနဦးရရှိထားတဲ့ သတင်းတွေအရ ငလျင် က အင်အားကြီးမားပြီး ထိခိုက်မှုများပြားခဲ့တာ ကို တွေ့ရပါတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ဖြေကြားသည်။

အဆိုပါငလျင်သည် မြေအောက်အနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ ခြင်းဖြစ်ကာ မြေပြင်နက်ရှိုင်းသည့်နေရာတွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းကြောင့် Shallow Depth မဟုတ်ခဲ့သဖြင့် အပျက်အစီး သက်သာခဲ့ခြင်းဖြစ်ပြီး မြေပြင်အပေါ်လွှာတွင် သာ လှုပ်ခတ်ပါက ယခုထက် အဆများစွာ ပိုမိုပျက်စီးနိုင်မည်ဟု မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင် က ပြောကြားသည်။


ပုဂံစေတီ ၆၅ ဆူထိခိုက်

ငလျင်ဒဏ်ကြောင့် ပုဂံမြို့တွင် စေတီပုထိုးပေါင်း ၆၅ ဆူခန့် ထိခိုက်ခဲ့ ရကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ဆက်လက်စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ သမိုင်းဝင်စေတီတော် များဖြစ်ကြသည့် ထီးလိုမင်းလို၊ သဗ္ဗေညု၊ ဓမ္မရံကြီး၊ လောကနန္ဒာ၊ ဂူပြောက်ငယ်၊ ရွှေလိပ်တူး၊ စေတနာကြီး၊ အာနန္ဒာနှင့် မြစေတီဘုရားများ ထီးတော်မြေခခြင်း၊ ပြိုကျခြင်း၊ နံရံများ အက်ကွဲခြင်း၊ စိန်ဖူးတော်မြေ ခခြင်းများဖြစ်ပွားပြီး စူဠာမဏိစေတီတော်ကြီးမှာ ကွမ်းတောင်နှင့် တောင် ဘက်အခြမ်းပြိုကျပျက်စီးခဲ့သဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များနှင့် ဒေသ ဆိုင်ရာအာဏာပိုင်များ စုပေါင်းကာ အပျက်အစီးများအား ဖယ်ရှား ခြင်း၊ ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများကို ငလျင်ဒဏ်သင့်ပြီးချိန်မှ စတင်ဆောင် ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ထူးက ဖုန်းဖြင့် ဖြေကြားသည်။

အမျိုးသမီးငယ်နှစ်ဦးသေဆုံး

ထို့ပြင်ရေနံချောင်းမြို့နယ်အတွင်း ကျမ်းကိုင်ဘုရားဝင်း အတွင်း မှ စေတီ တော် တစ်ဆူ ပြိုကျခဲ့ပြီး ရွှေမြင်မိဘုရား နံရံမှာလည်း ပြိုကျသွား ခဲ့ကြောင်း၊ ရေနံ ချောင်း မြို့အတွင်းရှိ အဆောက်အအုံ များလည်း နံရံအက်ကွဲခြင်း၊ နံရံပြိုကျ ခြင်းများဖြစ်ပွားခဲ့ပြီး ရေနံချောင်းကမ်းပါး ပြိုကျရာမှ ရှားပင်ရိုးကျေးရွာနေ အသက်ခုနစ်နှစ်နှင့် ၁၅နှစ်အရွယ် အမျိုး သမီးငယ် နှစ် ဦး သေဆုံးခဲ့ကြောင်း ဒေသ ဆိုင်ရာ သတင်းထောက်များထံမှ သိရှိရ သည်။

နဂါးပွက်တောင်လျှံကျ

တောင်တွင်းကြီးမြို့နယ်တွင်လည်း နှစ်ပေါင်း ၁၅ဝကျော် ဘုန်းကြီးကျောင်း မှာ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ် ရေးများဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များကလည်း ငလျင် လှုပ်ခတ်ပြီးချိန်မှစတင်၍ မကွေး၊ ချောက်၊ ပခုက္ကူနှင့် ညောင်ဦးတို့တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်တိုက် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မင်းဘူးနဂါးပွက်တောင်ရှိ နဂါးရုံ ဘုရားလည်း အနည်းငယ်ထိခိုက်ခဲ့ပြီး ချော်ရည်များလည်း လျှံကျခဲ့ကာ မကွေး မြသလွန်ဘုရား စောင်းတန်းနံရံအချို့ လည်း ပျက်စီးခဲ့သည်။ လမ်းမများပေါ်တွင် လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ ကြောင်း မင်းဘူးဒေသခံ ကိုမြတ်ထွေးက ဖြေကြားသည်။


ပခုက္ကူမြို့နှင့် အနီးတစ်ဝိုက်တွင် လည်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ ကြရပြီး ပခုက္ကူမြို့နယ် ကွမ်းရွာရှိ ဗာဂျီး နီးယား ဆေးပေါင်းရုံမှာ ငလျင်ဒဏ် ကြောင့် ပြိုကျခဲ့သဖြင့် အပျက်အစီးများ ကြောင့် တစ်ဦးသေဆုံး ခဲ့ကာ ဒဏ်ရာရရှိ သူများလည်းရှိကြောင်း ပခုက္ကူမြို့ အောင်ပန်းလှပွဲရုံပိုင်ရှင် ကိုငယ်လေးက ပြောသည်။

ရခိုင်ပြည်နယ်အပျက်အစီး

ရခိုင်ပြည်နယ်အတွင်း ရမ်းဗြဲမြို့ရှိ ကိုယ်ရံတောင်စေတီမှာ စိန်ဖူးတော်မြေခ ခဲ့ပြီး မင်းပြားနှင့် စစ်တွေ၊ မြေပုံမြို့များတွင် လည်း ငလျင်ဒဏ်ကြောင့် အဆောက် အအုံများ အက်ကွဲမှု၊ နံရံပြိုကျမှုများ ဖြစ် ပွားခဲ့သည်။ ထို့ပြင် မြောက်ဦးမြို့နယ် ရတနာ့မာန်အောင် စေတီတော်ကြီးမှာ လည်း မြေခခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် အခြားမြို့နယ်အသီးသီးရှိ သမိုင်းဝင်စေတီတော်များနှင့် အဆောက် အအုံများမှာလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်ကို သိရှိရပြီး နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံအတွင်း တုန်ခါမှုများ ဖြစ်ပေါ်ကာ အသံများထွက်ပေါ်လာခဲ့ရာ လိုင်နာအချို့နှင့် မှန်အချို့ အနည်းငယ် ထိခိုက်အက်ကွဲခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များထံက သိရ သည်။

ကမ္ဘာပေါ်တွင် ငလျင်ရပ်ဝန်း နှစ်ခု ရှိရာ ပစိဖိတ်မီးတောင်ရပ်ဝန်း၊ အယ်လ် ပိုက်ရပ်ဝန်းတို့ဖြစ်ပြီး မြန်မာနိုင်ငံ အလယ် ပိုင်းနှင့် အနောက်ပိုင်းတို့သည် အယ်လ် ပိုက်ရပ်ဝန်းတွင် ကျရောက်လျက်ရှိသည်။

ယင်းရပ်ဝန်းသည် ဟိမဝ္တာတောင် တန်းမှ အရှေ့ဘက် တရုတ်နိုင်ငံ ၊ မြန်မာ နိုင်ငံ၊ ကပ္ပလီကျွန်းနှင့် အင်ဒိုနီးရှားနိုင်ငံ တို့ပါဝင်သည်။
''မြေငလျင်ဆိုတာ နေ့စဉ်လှုပ်ရှား နေတဲ့ဖြစ်စဉ်ပါ။ တစ်က္ဘာလုံးမှာ ဒီကနေ့ အခုအချိန်အထိ မြေငလျင်ပေါင်း ၉၃ ကြိမ်လှုပ်ခဲ့ပြီး ချောက်မြေငလျင်က အင်အားအကြီးမားဆုံးဖြစ်တယ်''ဟု ဒေါက်တာထွန်းလွင်က ငလျင်ဖြစ်စဉ် အပြီး လူမှုကွန်ရက်တွင် ရေးသားထား သည်။

၁၉၇၅ ပုဂံငလျင်

တူရွင်းတောင် ပြတ်ရွေ့ကြော လှုပ်ရှားသဖြင့် ၁၉၇၅ခုနှစ်က အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၅ အဆင့်ရှိ ပုဂံငလျင်ကြီး ဖြစ်ပေါ်ခဲ့ရပြီး အပျက် အစီး အဆုံးအရှုံး ကြီးမားခဲ့ဖူးသည်။ ထို့ပြင် နိုင်ငံတကာ သတိပေးချက်များ အရ စစ်ကိုင်းပြတ်ရွေ့ကြီးသည်လည်း မြန်မာ နိုင်ငံအတွက် အချိန်မရွေး ငလျင်ဒဏ် သင့်စေနိုင်ကြောင်း သိရသည်။ ပုဂံ ဝန်းကျင်တွင် ၁၉၇၅ ခုနှစ်မတိုင်မီကလည်း ခရစ်နှစ် ၃၂၄၊ ၉၈၆၊ ၁၂၈၇၊ ၁၂၈၉၊ ၁၈၁၆၊ ၁၈၅၆ ခုနှစ်တို့၌ ငလျင်လှုပ်သဖြင့် ဘုရားစေတီများပြိုကာ ပြုပြင်ခဲ့ရ ဖူး ကြောင်း မြန်မာ့စွယ်စုံကျမ်းအတွင်း ဖော်ပြပါရှိသည်။

ယနေ့လှုပ်ခတ်ခဲ့သည့် ချောက် ငလျင်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငလျင် ကော်မတီက ငလျင်ဗဟိုချက်မနှင့် မိုင် လေးဆယ်အတွင်း ကျရောက်သော မြို့ရွာ များကို ကြည့်ရှုပေးကြရန် ပြောကြားပြီး ပိုမိုတိကျသည့် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ခြင်းကို ခန့်မှန်းရန် အတွက် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေး ဘဲ လက်ရှိတွင်Seismographer များ ဖြင့် မြေကြီးအက်ကြောင်းများ၊ ကမ္ဘာ့ ကျောက်လွှာများ၏ တည်နေရာလှုပ်ခတ် မှုပေါ်မူတည်ကာ ငလျင်ဖြစ်ကြောင်း တွက်ချက်ထုတ်လုပ်ပေးရခြင်း ဖြစ် ကြောင်း သိရသည်။

သတင်း-ခင်ရတနာ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တစ်ကမ္ဘာလုံးတွင် (သြဂုတ် ၂၄ ရက်)၌ မြေငလျင်ပေါင်း ၉၃ ကြိမ် လှုပ်ခတ်ရာ ချောက်မြေငလျင်မှာ အင်အားအပြင်းထန်ဆုံးဖြစ်ပြီး အပျက်အစီး၊ အသေအပျောက်ရှိ  တစ်ကမ္ဘာလုံးတွင် (သြဂုတ် ၂၄ ရက်)၌ မြေငလျင်ပေါင်း ၉၃ ကြိမ် လှုပ်ခတ်ရာ  ချောက်မြေငလျင်မှာ အင်အားအပြင်းထန်ဆုံးဖြစ်ပြီး အပျက်အစီး၊ အသေအပျောက်ရှိ Reviewed by THITHTOOLWIN on 09:46 Rating: 5
Powered by Blogger.