ကယ်လီဖိုးနီးယားပြည်နယ်တွင် လေထီးမပွင့်၍ လေထီးခုန်သမား နှစ်ဦးသေဆုံး

လိုဒီလေထီးခုန်စင်တာတွင် လေထီးခုန်ခြင်းများ ပြုလုပ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဆန်ဖရန်စစ္စကို၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင် သြဂုတ်လ ၆ ရက် က လေထီးခုန်သမား နှစ်ဦးသည် နှစ်ယောက်တွဲလေထီးခုန်ခြင်း ပြုလုပ်ခဲ့ရာ မြေပြင်သို့ ရောက်ခါနီး၌ လေထီးမပွင့်ခဲ့၍ သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။

ယင်းမတော်တဆဖြစ်ရပ်သည် ဆန်ဖရန်စစ္စကိုမြို့ အရှေ့ဘက် ၁၃၈ကီလိုမီတာ အကွာ ကယ်လီဖိုးနီးယားပြည်နယ် လိုဒီမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ လေထီးခုန်သမား တစ်ဦးမှာ အသက် ၁၈ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး ဖြစ်ပြီး ၄င်း၏ ပထမဆုံး လေထီးခုန်ခြင်းလည်းဖြစ်ကြောင်း သိရသည်။ သတင်းထောက်များက သေဆုံးသူ၏မိသားစုများသည် ၄င်းအားကြည့်ရှုနေချိန်၌ ၄င်းသည် လေထီးမပွင့်ပဲ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လိုဒီလေထီးခုန်စင်တာ ပိုင်ရှင် Bill Dause က အခြားသေဆုံးခဲ့သူ တစ်ဦးသည် လေထီးခုန်အတွေ့အကြုံ အကြိမ် ၇၀၀ ရှိသော နည်းပြတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့က သေဆုံးသူ လေထီးခုန်သမား နှစ်ဦးသည် ၄င်းတို့မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ မပြုတ်ကျခင် လေထီးပွင့်လာခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ၄င်းတို့၏ ရုပ်အလောင်းများအား လေထီးခုန်စင်တာ၏ မြေပြင်ဆင်းသက်ဧရိယာ တောင်ဘက်အနီးရှိ စပျစ်ခြံတစ်ခု၌ တွေ့ရှိခဲ့သည်။

Dause က လေထီးသည် ၄င်း၏ပုံမှန်လုပ်ဆောင်ချက် မှ လွဲချော်ခဲ့ကြောင်း နှင့် လူသေမှုအထိဖြစ်စေခဲ့သော လေထီး၏ ဖြစ်နိုင်ဖွယ်ရှိသည့်ချို့ယွင်းချက်များကို မသိရှိသေးကြောင်း ပြောကြားခဲ့သည်။

လေထီးမပွင့်ခြင်းသည် လေထီး၏ လုပ်ဆောင်ချက်အချို့အစီအစဉ်လွဲချော်သွားခြင်းဖြစ်နိုင်ကြောင်း Dause က KCRA ရုပ်သံထုတ်လွှင့်ရေးသို့ပြောကြားခဲ့သည်။

၎င်းက လေထီးခုန်ခြင်းပြုလုပ်ချိန်၌ လေတိုက်နှုန်း နှင့် အခြား အခြေအနေများ မှာ ပုံမှန်ဖြစ်နေကြောင်း နှင့် မတော်တဆ ဖြစ်ပွားပြီးချိန်တွင် စင်တာ၌ အခြား လေထီးခုန်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဖယ်ဒရယ် လေကြောင်း ဦးစီးဋ္ဌာနက ယင်းမတော်တဆဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ကယ်လီဖိုးနီးယားပြည်နယ်တွင် လေထီးမပွင့်၍ လေထီးခုန်သမား နှစ်ဦးသေဆုံး ကယ်လီဖိုးနီးယားပြည်နယ်တွင် လေထီးမပွင့်၍ လေထီးခုန်သမား နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.