ရွှေတိဂုံပုံတော်ကို အသုံးပြု၍ တရုတ်လီဖန်းဆိုင်ကယ်ကြော်ငြာမှုကို တွေ့ရှိသူမှန်သမျှ ကန့်ကွက်နေကြ


တရုတ်နိုင်ငံမှထုတ်လုပ်သည့် (LIFAN) လီဖန်းဆိုင်ကယ်ကြော်ငြာမှုတွင် ရွှေတိဂုံစေတီပုံအား အသုံးပြု၍ ကြော်ငြာထားရာ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လီဖန်းကုမ္ပဏီမန္တလေးရုံးခွဲသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ''ဒီဓာတ်ပုံဒီဇိုင်းက မြန်မာနိုင်ငံရုံးခွဲကလုပ်တာ မဟုတ်ဘူးဗျ။ တရုတ်နိုင်ငံက လုပ်ပြီး လှမ်းပို့တာကို ဒီကကြော်ငြာပေးရတာပါ''ဟု တာဝန်ရှိသူတဦးက ပြောသည်။

Lifan ဖေ့စ်ဘုတ်မှ အဆိုပါ ကြော်ငြာတွင် ရွှေတိဂုံစေတီတော်၏ ခေါင်းလောင်းအနီးသို့ ဆိုင်ကယ်တစီးက ဦးတည်တိုးဝင်တော့မည့်ပုံစံဖြင့် ကြော်ငြာထားသည်။

ကြော်ငြာစာသားတွင် ''ဂန္ထ၀င်ဆန်ခြင်းလို့ ဆိုလိုက်ရင် ဘာကို အရင်ဆုံးစဉ်းစားမိပါသလဲ။ မြန်မာနိုင်ငံ မွန်ပြည်နယ်မှာရှိတဲ့ ကျိုက်ထီးရိုးစေတီတော်ကြီး မလှုပ်မယှက်တည်ရှိနေတာကိုလား။ LIFAN ဆိုင်ကယ်ရဲ့ Vintage ကိုလား၊ စဉ်းစားမနေပါနဲ့တော့။ ဂန္ထ၀င်ဆန်ခြင်းတို့အကြားမှာ သာလွန်တယ်ဆိုတာ မရှိပါဘူး''ဟု ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွှေတိဂုံဘုရားဂေါပကအဖွဲ့တာဝန်ရှိသူ ဦးထွန်း အောင်ငွေက ''ရွှေတိဂုံစေတီတော်ပုံရိပ်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေမှာ ကြော်ငြာခွင့်မပြုပါဘူး။ အခု ကြော်ငြာ တယ်ဆိုတာတော့ ကျွန်တော်တို့ မတွေ့ရသေးပါဘူး။ သေချာရင် ကန့်ကွက်သွားမှာပါ''ဟု ဖြေကြားသည်။

ရွှေတိဂုံစေတီတော်ကြီးသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအထိ ထင်ရှားကျော်ကြားသည့် စေတီတော်ဖြစ်ပြီး စီးပွားရေးကြော်ငြာအဖြစ် မကြာခဏအသုံးချခံဖြစ်နေခဲ့သည်ဟု ဝေဖန်သူများက ဆိုသည်။ ယခင်ကလည်း ပြည်ပ အရက်ကြော်ငြာတခုနှင့် လက်ဖက်ခြောက်ကြော်ငြာတခုတွင်လည်း ရွှေတိဂုံစေတီပုံအား အသုံးပြုမှုအပေါ် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံ၏ အသည်းနှလုံး ရွှေတိဂုံစေတီတော်အား စီးပွားရေးကြော်ငြာအဖြစ် အသုံးပြုခဲ့သည့် ဖြစ်စဉ်မှန်သမျှအား အများပြည်သူမှ ကန့်ကွက်ခဲ့ကြသည်။ အလားတူ ဗုဒ္ဓရုပ်ပွားတော်အား နားကြပ်တပ်ဆင်ပေးပြီး ဗုဒ္ဓဘား (V Gastro Bar) ဒီဇိုင်းပြုလုပ်ကာ Facebook ပေါ်တင်ခဲ့သည့် နယူးဇီလန်နိုင်ငံသားအား သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်နှစ်နှစ်ကျခံရသည့် သာဓကများလည်း ရှိခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရွှေတိဂုံပုံတော်ကို အသုံးပြု၍ တရုတ်လီဖန်းဆိုင်ကယ်ကြော်ငြာမှုကို တွေ့ရှိသူမှန်သမျှ ကန့်ကွက်နေကြ ရွှေတိဂုံပုံတော်ကို အသုံးပြု၍ တရုတ်လီဖန်းဆိုင်ကယ်ကြော်ငြာမှုကို တွေ့ရှိသူမှန်သမျှ ကန့်ကွက်နေကြ Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.