ငြိမ်းချမ်းရေး မအောင်မြင်ရင် တိုင်းပြည် ထိခိုက်နစ်နာမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တို့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ သြဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။ Photo: Myo Thant Khaing/ RFA
ငြိမ်းချမ်းရေးညီလာခံ မအောင်မြင်ရင် ငြိမ်းချမ်းရေးရဖို့ နောင်ဘယ်လောက်ထိ စောင့်ရမလဲ မပြောနိုင် သလို စောင့်နေတဲ့ကာလမှာ တိုင်းပြည်မှာ ဘယ်လောက် ထိခိုက်နစ်နာမှုတွေ ရှိနိုင်မလဲဆိုတာ စဉ်းစားစေချင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPSTနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင် ဆန်းစုကြည် ကလာမယ့်ငြိမ်းချမ်းရေးဆွေးနွေး ပွဲ အရေးကြီးတဲ့ အကြောင်း ပြောလိုက်တာဖြစ်ပါတယ်။

"လူတစ်ယောက်ရဲ့ ဘ၀မှာ အခွင့်အလမ်းဆိုတာ နှစ်ခါပြန်မလာနိုင်ပါဘူး၊ အခွင့်အရေးတစ်ခါ လွတ်သွား ရင် ပြန်လာနိုင်ပေမယ့် အဲ့ဒီကြားထဲမှာ အဟောသိကံ ဖြစ်သွားနိုင်တယ်၊ အဟောသိကံ မဖြစ်သွားစေချင် ဘူး။ ကျွန်မတို့ရဲ့ အချိန်တွေ ပြည်သူလူထုနဲ့ ငြိမ်းချမ်းရေးမှာ ပါနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းတွေ အချိန်တွေ အလကား အဟောသိကံဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီတစ်ခါ အောင်မြင်အောင် လုပ်ချင် တယ် အောင်မြင်အောင် လုပ်နိုင်ရင် ကျမတို့နိုင်ငံအတွက် အများကြီး အကျိုးရှိနိုင်တယ် ဒီတစ်ခါ မအောင်မြင်ရင် နောင်ဘယ်လောက်ထိ စောင့်ရမလဲ၊ စောင့်နေတဲ့ အချိန်အတွင်းမှာ ကျမတို့နိုင်ငံ ဘယ်လောက်ထိခိုက် နစ်နာမလဲဆိုတာ စဉ်းစားစေချင်တယ်၊ ဘယ်သူ့ကိုမှ အပြစ်ဆိုချင်လို့မဟုတ်ဘူး၊ ကျမတို့ နိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ နောက်ကျကျန်ခဲ့ပြီ ကျမတို့ ဆုံးရှုံးသွားတဲ့ အချိန်တွေ ဒီနိုင်ငံကို တိုးတက်အောင် တည်ငြိမ်အောင် ဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့ အခွင့်အရေး ကျမတို့ ဘယ်လောက်တောင် ဆုံးရှုံးသွားပြီလဲ အဲဒီလို ဖံွ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းတွေ ဘယ်လောက်ဆုံးရှုံးသွားပြီလဲ ဒါအင်မတန်နှမြောဖို့ ကောင်းတယ်။ နောက်တစ်ခါ ထပ်ပြီး အဲ့ဒီလိုဆုံးရှုံးခြင်းမျိုး မဖြစ်စေချင်ဘူး။ အခုဆွေးနွေးပွဲကို ရောက်လာသူတွေအားလုံး ဒီတစ်ခါ ညီလာခံ စလိုက်ပြီဆိုရင် ဒီနိုင်ငံမှာ မလိုအပ်ဘဲ နိုင်ငံ သူနိုင်ငံသားတွေအတွက် ဘယ်တော့မှဆုံး ရှုံးခြင်းတွေ မရှိအောင် ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်"

၂၁ရာစု ပင်လုံညီလာခံဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့၊ အပြန်အလှန် နားလည်မှုရှိဖို့ ဆွေးနွေးကြ မှာဖြစ်ပြီး ယုံကြည်မှုမရှိရင် စာချုပ်တွေမှာ လက်မှတ်ထိုးထားပေမယ့် အဟောသိကံ ဖြစ် သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ယုံကြည်မှုရှိဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းတဲ့ဆက်ဆံရေးရှိဖို့ လိုအပ်ကြောင်းနဲ့ တစ်ဖက်သား နားလည်အောင် အကျိုးရှိပြီး မှန်ကန်တဲ့ တစ်ဖက်သားခံသာတဲ့ စကားတွေကို ပြောဆိုဖို့လိုအပ် မှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

တွေ့ဆုံပွဲတက်ရောက်လာသူတွေကို အခုချိန်ထိ မြန်မာနိုင်ငံမှာ ဘာကြောင့် ထာဝရငြိမ်းချမ်းရေး မတည်ဆောက်နိုင်တာလဲဆိုတာကို စဉ်းစားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက NCA လက်မှတ်မရေးထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေး ထားတဲ့ အခြေအနေတွေ၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ၂၁ ရာစု ပင်လုံ ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

အစည်းအဝေးကို KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုး၊ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း၊ CNF ချင်းအမျိုးသားတပ်ဦး ဒုတိယ ဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း နဲ့ ABSDF၊ ALP၊ RCSS၊ DKBA၊ KNU/KNLA-PC တို့က ကိုယ်စားလှယ်တွေ နဲ့ UPDJC အဖွဲ့ဝင်တွေ စုစုပေါင်း ၃၀ လောက် တက်ရောက်ခဲ့ ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ငြိမ်းချမ်းရေး မအောင်မြင်ရင် တိုင်းပြည် ထိခိုက်နစ်နာမည်  ငြိမ်းချမ်းရေး မအောင်မြင်ရင် တိုင်းပြည် ထိခိုက်နစ်နာမည် Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.