ကချင်ပြည်နယ်အတွင်း တရားမ၀င်တူးဖော်လျက်ရှိသည့် ရွှေဖောင်များ၊ ရွှေတူးဖေါ်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရားများ သိမ်းဆည်းရမိ၊ KIA လက်နက်ကိုင်အဖွဲ့နှင့်တိုက်ပွဲများဖြစ်ပွား


နေပြည်တော်၊ သြဂုတ် ၎

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် နိုင်ငံတော်၏ ရေ၊ မြေ သယံဇာတများအား တရားမ၀င်နည်းလမ်းများဖြင့် မိမိတို့၏ကိုယ်ကျိုးအတွက် ထုတ်ယူသုံးစွဲနေမှုများအား စောင့်ရှောက်ကာကွယ် လျက်ရှိရာ ကချင်ပြည်နယ်အတွင်းရှိ ဒွန်ဘန်-ရှဒူဇွပ်နယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် တရားမ၀င်တူးဖော်လျက်ရှိသည့် ရွှေဖောင်များ၊ ရွှေတူးဖေါ်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရားများ သိမ်းဆည်းရမိခဲ့သည်။


ဖြစ်စဉ်မှာ ကာမိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာအနီးပတ်ဝန်းကျင်၌ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ဇူလိုင် ၂၈ ရက်တွင် တရားမ၀င်ရွှေတူးဖေါ်ရာတွင် အသုံးပြုသော ဘက်ဟိုးယာဉ် ၁၃ စီး၊ ၂၂ ဘီးတွဲယာဉ် ၃ စီး၊ ၁၀ ဘီးယာဉ် ၁ စီး၊ ရွှေဖောင် ၂ ခုနှင့် တစ်ဖက်နိုင်ငံသား ၄ ဦးတို့အားလည်းကောင်း၊ ဇူလိုင် ၃၀ ရက်တွင် ဘက်ဟိုးယာဉ် ၂ စီး၊ ၆ ဘီးယာဉ် ၃ စီး၊ ရွှေဖောင် ၂ ခုအားလည်းကောင်း၊ ဇူလိုင် ၃၁ ရက်တွင် ရွှေဖောင် ၅ ခုအားလည်းကောင်း၊ သြဂုတ် ၁ ရက်တွင် ဘက်ဟိုးယာဉ် ၂ စီးနှင့် ရွှေဖောင် ၄ ခုအားလည်းကောင်း၊ သြဂုတ် ၂ ရက်တွင် ၁၀ ဘီးယာဉ် ၂ စီးအားလည်ကောင်း စုစုပေါင်း တရားမ၀င်ရွှေတူးဖော်ခြင်း လုပ်ငန်းများတွင် အသုံးပြုသည့် ဘက်ဟိုးယာဉ် ၁၇ စီး၊ ၂၂ ဘီးတွဲယာဉ် ၃ စီး၊ ၁၀ ဘီးယာဉ် ၃ စီး၊ ၆ ဘီးယာဉ် ၃ စီး၊ ရွှေဖောင် ၁၃ ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး တရားမ၀င်ရွှေတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် တစ်ဖက်နိုင်ငံသား ၈ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။


ထိုသို့ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်စဉ် သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် ရှဒူဇွပ်ကျေးရွာ၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ တရားမ၀င် ရွှေတူးဖော်မှုများ ပြုလုပ်နေသည့် ပတ်ဝန်းကျင်၌ KIA လက်နက်ကိုင်အဖွဲ့မှ အင်အား ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ၂ ကြိမ်၊ အင်အား ၅၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများ၏ ပြန်လည်တိုက်ခိုက် ချေမှုန်းမှုများကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကာ KIA လက်နက်ကိုင်အဖွဲ့ထံမှ လက်ပစ်ဗုံးများနှင့် အမ်-၂၂ ကျည်များသိမ်းဆည်းရမိခဲ့သည်။


ထို့အတူညနေပိုင်းတွင် ဒွန်ဘန်ကျေးရွာနှင့် ရှဒူဇွပ်ကျေးရွာအကြား လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား KIA လက်နက်ကိုင်အဖွဲ့မှ အင်အား ၃ ဦးခန့်က ဆွဲမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။


အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း ကာမိုင်းမြို့နယ်၊ လ၀ါးကျေးရွာ၏မြောက်ဘက် အနီးတ၀ိုက်တွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား KIA လက်နက်ကိုင်အဖွဲ့ငယ်များ က ဆွဲမိုင်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခြင်းကြောင့် ထိမိတိုက်ပွဲဖြစ်ပွားမှု ၃ ကြိမ် ဖြစ်ပွားပြီး ယင်းအဖွဲ့များ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အထက်ပါ တရားမ၀င်ရွှေတူးဖော်မှုများကြောင့် နိုင်ငံတော်ပိုင် အဖိုးတန်သယံဇာတများ နစ်နာဆုံးရှုံး ရသည့်အပြင် စက်ယန္တရားများ အသုံးပြုရွှေတူးဖော်မှုကြောင့် မိုးကောင်းချောင်းပါ တိမ်ကော၍ သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်နေကြောင်း သိရှိရသည်။ တပ်မတော်စစ်ကြောင်းများအနေဖြင့် ၎င်းနယ်မြေအတွင်းရှိ တရားမ၀င်ရွှေတူးဖော်မှုများ၊ ယင်းအဖွဲ့များကို စောင့်ရှောက်အကာအကွယ်ပေးနေမှုများအား ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ကချင်ပြည်နယ်အတွင်း တရားမ၀င်တူးဖော်လျက်ရှိသည့် ရွှေဖောင်များ၊ ရွှေတူးဖေါ်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရားများ သိမ်းဆည်းရမိ၊ KIA လက်နက်ကိုင်အဖွဲ့နှင့်တိုက်ပွဲများဖြစ်ပွား ကချင်ပြည်နယ်အတွင်း တရားမ၀င်တူးဖော်လျက်ရှိသည့် ရွှေဖောင်များ၊ ရွှေတူးဖေါ်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရားများ သိမ်းဆည်းရမိ၊ KIA လက်နက်ကိုင်အဖွဲ့နှင့်တိုက်ပွဲများဖြစ်ပွား Reviewed by THITHTOOLWIN on 22:32 Rating: 5
Powered by Blogger.