မင်္ဂလာဒုံ လေးလောင်းပြိုင်လူသတ်မှုနှင့်စပ်လျဉ်း၍ သတင်းမှားများထွက်ပေါ်နေ

မင်္ဂလာဒုံ လေးလောင်းပြိုင် လူသတ်မှုနှင့် စပ်လျဉ်း၍ သတင်းမှားများ ထွက်ပေါ်နေပြီး အမှုမှန်ပေါ်ပေါက်ရေး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ နှင့် မှုခင်းရဲတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်

ရန်ကုန် သြဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားမြို့သစ်ရပ်ကွက် ကျူးကျော်ကွက်သစ် မြအေးချမ်း လမ်းသွယ်တွင် နေထိုင်သည့် မိသားစုဝင်လေးဦး သြဂုတ် ၂ဝ ရက်က အသတ်ခံရမှုနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ နှင့် မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အမှုမှန်ပေါ် ပေါက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအမှုနှင့် စပ်လျဉ်းပြီး လူမှုကွန်ရက်စာမျက်နှာများ နှင့် သတင်းမီဒီယာအချို့တွင် သေဆုံးသူ ကိုစိုးနောင်နှင့် ပတ်သက်ပြီး ဖော်ပြနေသည့်သတင်းများမှာ မှန်ကန်မှုမရှိ ကြောင်း၊ သတင်းအမှားများ ဖော်ပြနေခြင်းသာဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး လှော်ကားကျေးရွာအုပ်စု စစ်ပင်ဆိပ်ကျေးရွာနေ ဝင်းကိုဦးသည် ယခုနှစ် ဖေဖေါ်ဝါရီ ၈ ရက်က လက်နက်မှု၊ လိုင်စင်မဲ့ကား လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ခံခဲ့ရစဉ် အမှုသက်သာစေရေးအတွက် ဆောင်ရွက်ပေးရန် သေဆုံးသူ ကိုစိုးနောင်နှင့် ငွေကြေးကိစ္စ ပတ်သက်မှုရှိခဲ့ကြောင်း သတင်းရရှိသဖြင့် သြဂုတ် ၂၁ ရက်တွင် ရဲတပ်ဖွဲ့မှ မသင်္ကာ၍ ဝင်းကိုဦးအား ခေါ်ယူစစ်ဆေးရာ သေဆုံးသူနှင့် ပတ်သက်မှု မရှိကြောင်း သိရှိရသည်။

ထို့အတူ လူမှုကွန်ရက်စာမျက်နှာများတွင် သေဆုံးသူ ကိုစိုးနောင်နှင့် ပတ်သက်ပြီး ၄င်းတာဝန်ထမ်းဆောင်စဉ်က ရန်ကုန်ထောက်ကြန့်အဝင်လမ်းတွင် အလုံပိတ်ကားတစ်စီး တားဆီးရာမှ ရပ်တန့်ပေးခြင်းမရှိသဖြင့် ¤င်းနှင့်အတူ တပ်ဖွဲ့ဝင် သုံးဦးတို့က တွဲခိုလိုက်ပါသွားခဲ့ရာ သမိုင်းလမ်းဆုံ မုဒိတာအိမ်ရာ အနီးတွင် ကားရပ်တန့်သွားကြောင်း၊ ယင်းကားပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သန်း ပါရှိသည့်အမှုမှာ အကောင်အထည်ပေါ်မလာဘဲ ပျောက်သွားသည့်ကိစ္စနှင့် ပတ်သက်၍ စိတ်နာပြီး ရဲတပ်ဖွဲ့မှ နုတ်ထွက်သွားကြောင်း ဖော်ပြ ထားသည့်သတင်းမှာလည်း သတင်းအမှားများသာဖြစ်ကြောင်း၊ ဖြစ်စဉ်အမှန်မှာ ၂ဝ၁၆ ခုနှစ် မတ် ၃ ရက်က မူးယစ်တပ်ဖွဲ့စု (၄၂) နှင့် မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မရမ်းကုန်း မြို့နယ် အမှတ်(၂)ရပ်ကွက် မုဒိတာအိမ်ရာတွင် စောဘာလာစော ပါ ခြောက်ဦးတို့အား စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၄ သိန်း၊ အိုက်စ် ၄၄ ဂရမ်၊ ဘိန်းမည်း ၅၄ ဂရမ်၊ ငွေကျပ် သိန်း ၁ဝဝ နှင့် မော်တော်ယာဉ်နှစ်စီးတို့ သိမ်းဆည်းရမိခဲ့သဖြင့် ဘုရင့်နောင် နယ်မြေ ရဲစခန်း (ပ)၂/၂ဝ၁၆၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂ဝ (က)/၂၁ ဖြင့် အမှုဖွင့်ထားသော အမှုတစ်မှုဖြစ်ပြီး အဆိုပါ အမှုသည် ဒုရဲအုပ်စိုးနောင် ရဲတပ်ဖွဲ့မှ နုတ်ထွက်သွားပြီးနောက်ပိုင်း ဖြစ်ပွားသော အမှုသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သိရသည်။

လေးလောင်းပြိုင်လူသတ်မှု အမှုမှန်ပေါ်ပေါက်စေရေး အတွက် သြဂုတ် ၂၂ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း ဦးဆောင်ကာ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်း၊ မှုခင်းရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် အောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်နှင့် အထူး အမှုစစ်အဖွဲ့မှ ဦးစီးအရာရှိများ လိုက်ပါ၍ အခင်းဖြစ်ပွားသည့် နေအိမ်သို့ သွားရောက် အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး က မှုခင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စစ်ဆေးတွေ့ရှိမှု အခြေအနေများကို အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီး ရဲချုပ်ဇော်ဝင်းက အမှုမှန် ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ရမည့်အချက်များအား ဆွေးနွေးမှာကြားခဲ့သည်။

အမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် မသင်္ကာ သူ သုံးဦးအား ဓာတ်ပုံမှတ်တမ်းနှင့်တကွ ဖော်ပြပါရှိနေမှုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့တို့က သတင်း အတည်ပြုရရှိနိုင်ရေးအတွက် စုံစမ်းဖော်ထုတ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် အဆိုပါသတင်းနှင့် ပတ်သက်၍လည်း ပြည်သူများမှ တွေ့ရှိ ပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။

အများပြည်သူစိတ်ဝင်စားသော အဆိုပါ လေးလောင်းပြိုင် အမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းဆောင်ရွက် လျက်ရှိကြောင်းနှင့် အမှုမှန်ဖော်ထုတ်ရရှိပါက အချိန်နှင့် တစ်ပြေးညီ ပြည်သူများသိရှိရန် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

သတင်း၊ဓာတ်ပုံ - မင်းသစ်(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မင်္ဂလာဒုံ လေးလောင်းပြိုင်လူသတ်မှုနှင့်စပ်လျဉ်း၍ သတင်းမှားများထွက်ပေါ်နေ  မင်္ဂလာဒုံ လေးလောင်းပြိုင်လူသတ်မှုနှင့်စပ်လျဉ်း၍ သတင်းမှားများထွက်ပေါ်နေ Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.