ချင်းပြည်နယ် ရေတိုက်စားမှု လမ်းပမ်းဆက်သွယ်ရေးပြတ်

ရေတိုက်စားမှုကြာင့် တံတားများပျက်စီးစဉ် (MOI)
သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ချင်းပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်းအဆက်မပြတ်ရွာသွန်းနေတဲ့မိုးကြောင့် လက်ပမ်းဆက်သွယ်ရေးပြတ်တောက်ပြီး၊ မြေပြိုတာကြောင့် လူအသေအပျောက်လည်း ရှိနေပါတယ်။ ယခင်နှစ်က ရေဘေးဒုက္ခသည်တွေကိုနေရာချထားပေးတဲ့ မြို့သစ်စီမံကိန်းအိမ်ယာနေရာမှာလဲ မြေပြိုမယ့် အရိပ်အယောင်ရှိနေတယ်လို့လဲ လူမှုရေးအဖွဲ့အစည်းတွေကသတိပေးနေပါတယ်။ ချင်းပြည်နယ်အတွင်း ရေဘေးအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ချင်းပြည်နယ်အတွင်းကမြို့နယ်တော်တော်များများမှာ ရေတိုက်စားမှုဖြစ်ပွါးခဲ့ပြီး လမ်းပမ်းဆက် သွယ်ရေးအပိုင်းမှာ ပြတ်တောက်နေခဲ့တယ်လို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က VOAကိုအခုလိုပြောပါတယ်။

“ဟားခါးနဲ့ ဂန့်ဂေါလမ်းမပါ တော်တော်များများကတော့ လမ်းပြတ်သွားတာတွေရှိတယ်။ ကလေးဘက်ကတော့ ပြတ်လိုက်ပြင်လိုက်အဲဒီလိုဖြစ်နေတယ်။ မိုးမပြတ်သေးသရွေ့ကတော့ အာမခံပေးလို့မရသေးဘူးပေါ့နော်။ တွန်းဇံနဲ့ သီနမ် ကြားကတော့ တံတားက ချက်ချင်းပြတ်လိုက်ဆိုတော့ အဲဒီနားမှာလည်း ပြဿနာရှိနိုင်တယ်။ မနေ့က အိမ် ၅ အိမ်လောက်ကို ပြောင်းရွှေ့ခိုင်းတာတွေရှိတယ်။ သီနမ်မှာတော့ မနေ့က လူ ၁ ယောက်သေတာပေါ့နော်။”

တနင်္လာနေ့ကတော့ ဟားခါးမြို့ အရှေ့တောင်ဘက် ၃၆ မိုင်အကွာ ဟားခါး-ဂန့်ဂေါလမ်းပေါ်ကသီနမ်ကျေးရွာမှာ မြေပြိုမှုဖြစ် ပွားခဲ့ပြီး နေအိမ်ပြိုကျလို့ အဘွားအိုတဦးသေဆုံးမှုဖြစ်ပွါးခဲ့သလို ရေဘေးအန္တရာယ်ကြောင့်အိမ်ယာပြောင်းရွှေ့မှုတွေ ရှိနေခဲ့တယ် လို့လဲ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောပါတယ်။

ဒါ့အပြင်တီးတိန် ကျီခါး တွန်းဇံမြို့နယ်ဘက်တွေမှာလဲ အဆက်မပြတ်ရွာသွန်းတဲ့မိုးတွေကြောင့် လမ်းနဲ့တံတားပျက်စီးသွားလို့ သွားလာ ရေးအခက်ခဲရှိနေတယ်လို့ တီးတိန်မြို့ခံ ကိုနှုန်ရှန်းသွင်ကအခုလိုပြောပါတယ်။

“မိုးရွာတာများလွန်းလို့ မနေ့ကတော့ တံတား၁ စီး ပျက်သွားတယ် တီးတိန် နဲ့ တွန်းဇံ ကြားပေါ့နော် ။ တီးတိန်ကနေ မိုင် ၂၀ လောက် ဝေးတဲ့နေရာ အခုအထိတော့ ကားတွေ ၀င်လို့မရသေးဘူး။ ဒီအတိုင်းဆိုရင်တော့ မိုးနောက်ထပ် ရွာရင်တော့ အခက်အခဲတွေတော့ မနှစ်က လိုပဲ ပြန်ကြုံနိုင်တဲ့ အခြေအနေတော့ရှိတယ်။”

ဒီလိုသာ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနေဦးမယ်ဆိုရင် မကြာခင်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ဒေသခံတွေ ကြုံတွေ့ လာနိုင်လိမ့် မယ်လို့လဲ ကိုနှုန်ရှန်းသွင်ကဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ခုနှစ် သြဂုတ်လဆန်းပိုင်းတုန်း ကချင်ပြည်နယ်မှာ ရေကြီး မြေပြို မှုတွေဖြစ်ပွါးခဲ့သလို လူနေအိမ်(၆၀၀)နီးပါးလုံး ပျက်စီးခဲ့ရာမှာ ချင်းပြည်နယ်အစိုးရကနေမြို့သစ်စီမံကိန်း အရ ဟားခါးမြို့မှာ တည်ဆောက်ပေးခဲ့ပါတယ်။ လက်ရှိမြို့သစ်အိမ်ယာကလဲ မြေပြိုကျမှုအရိပ်လက္ခဏာတွေ့နေရပြီးလို့ ‘‘သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ချင်းကော်မတီ’’ (CCERR)ရဲ့အစီစဉ်တာဝန်ခံ မဖလော်ဒါကပြောပါတယ်။

“မြို့သစ်ပြန်လည်တည်ပေးထားတဲ့နေရာရှိတယ်လေ။ အဲဒီနေရာမှာ အိမ်ပြန်ဆောက်တဲ့အခါကျတော့ ဟားခါးဆိုတာက တောင်ပေါ်မှာကို အစိုးရဆောက်ပေးလိုက်တဲ့ပုံစံက ရုတ်တရက်ဖြစ်သွားတော့ မြေပြန်လည်ပြိုမှုတွေဖြစ်နေတာပေါ့။ လူတွေနေတဲ့ နေထိုင်ရာကနေပြီးတော့ ဆက်ရွေ့ပြီးတော့သွားနေရတယ် အိမ်တွေကိုထားခဲ့ရတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့။ လူတွေကတော့ နည်းနည်း စိတ်တထင့်ထင့် ဖြစ်နေတာပေါ့နော်။”

ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကတော့ ဒီလိုမိုးတွင်းမှာဖြစ်ပွါးလာနိုင်မဲ့ သဘာဝဘေးအန္တရာယ်တွေကိုကာကွယ်ဖို့ ကြိုတင်ပြင် ဆင်မှု တွေလုပ်ဆောင်ထားတယ်လို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောပါတယ်။

“ကျနော်တို့က ကြိုတင်ပြင်ဆင်မှုအနေနဲ့ကတော့ ဒီလို သဘာဝဘေးဖြစ်လာခဲ့ရင် အစားအသောက်မပျက်အောင်လို့ ဟားခါးမှာ ဆန်လှောင်ထားတယ်။ ပြီးတော့ မတူပီ၊ဖလန်း ၊ တီးတိန် အဲဒီနေရာမှာတွေတော့ ဆန်တော့လှောင်ထားတယ်။ ပြီးတော့ လမ်းတလျှောက်မှာတော့ စက်ကြီးတွေရှိတယ်။ စက်ကြီးတွေရှိတော့ နည်းနည်းဖြစ်တာနဲ့ကို လမ်းဖောက်ပေးတယ်။”

ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မိုးသည်းထန်ရွာသွန်းပြီး မြေပြိုလမ်းပြတ်တောက်မှုမရှိအောင် တတ်နိုင်တဲ့အခြေအနေကနေ ပြုပြင်ဆောင် ရွက်နေတယ်လို့လဲ သူကပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့ပါတယ်။

မြန်မာနိုင်ငံတ၀ှမ်းရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ဒေသက အိမ်ထောင်စုပေါင်းနှစ်သောင်းကျော်၊ လူဦးရေ တစ်သိန်းလောက် နေရာရွှေ့ပြောင်း ကြရတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကကနေ သတင်းထုတ်ပြန် ထားပါတယ်။

 နိုင်ကွန်းအိမ် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ချင်းပြည်နယ် ရေတိုက်စားမှု လမ်းပမ်းဆက်သွယ်ရေးပြတ် ချင်းပြည်နယ် ရေတိုက်စားမှု လမ်းပမ်းဆက်သွယ်ရေးပြတ် Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.