မူးယစ်တိုက်ဖျက်ရေးမှာ အကျင့် ပျက်ရဲဝန်ထမ်းတွေကို အရေးယူ ဖို့လို

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အကျင့်ပျက်လာဘ်စားနေတဲ့ ရဲဝန်ထမ်းတွေကို စီစစ်အရေးယူဖို့ သြဂုတ်လ ၁ ရက်နေ့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း ဆွေးနွေးနေစဉ်။ Photo: Win Ko Ko Latt/ RFA
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ထိရောက်ဖို့အတွက် အကျင့်ပျက်လာဘ်စားနေတဲ့ ရဲဝန်ထမ်းတွေကို စီစစ်အရေးယူဖို့ လိုအပ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးကို အုပ်စုလိုက်သုံးစွဲမှုရှိနေတာကို ထိထိရောက်ရောက် အရေးယူဖို့နဲ့ မူးယစ်ဆေးဝါးအန္တရာယ်ပညာပေး မှုတွေ၊ ပြန်လည်ပြုစုကုသရေး စခန်းတွေ ဖွင့်လှစ်ဖို့ တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးခဲ့ရာမှာ ကိုယ်စားလှယ် ဦးဥက္ကာမင်းက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဦးဥက္ကာမင်းက သူ့ရဲ့အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ထဲက မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်က ရဲတပ်ဖွဲ့တွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးဖို့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား နဲ့ အထောက်အပံ့ပစ္စည်း လိုအပ်နေတာတွေကို တင်ပြခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးကြတဲ့ ကိုယ်စားလှယ်တွေက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် ဘတ်ဂျက်မရှိတာတွေ တွေ့ရှိရကြောင်းနဲ့ စိတ်ကြွဆေးပြားချက် လုပ်ရာမှာသုံးတဲ့ ဓာတုဆေးဝါး တွေဟာ အိန္ဒိယနိုင်ငံကနေ တမူး၊ ကလေး၊ ပခုက္ကူ၊ မုံရွာ၊ မန္တလေးတို့ကတဆင့် ပျံ့နှံ့နေတာကို သိလျက်နဲ့ မတားဆီးတာဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နိုင်ငံတော်အပေါ်သစ္စာရှိမှုကို ပြန်လည်သုံးသပ် ရမှာဖြစ်တယ်လို့လည်း ထောက်ပြဆွေးနွေးကြပါတယ်။

ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေး နှစ်ပတ်လည်အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဘိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၃၁ ရာခိုင်နှုန်း၊ ရှမ်းပြည် နယ်မြောက်ပိုင်းမှာ ၁၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၄၂ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၈ ရာခိုင်နှုန်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၁ ရာခိုင်နှုန်းစီစိုက်ပျိုးတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ဘိန်း ၆၇၃ မက်ထရစ်တန်ထွက်ရှိခဲ့ပြီး မနှစ်က ၆၄၇ မက်တရစ်တန် ထွက်ခဲ့တဲ့အတွက် ထုတ်လုပ်မှု ၃ ရာခိုင်နှုန်းကျဆင်း ခဲ့ပါတယ်။

အဲဒီအဆိုကို မနက်ဖြန် လွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ထပ်မံဆွေးနွေးပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ဝင်က ပြန်လည်ရှင်းလင်း မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မူးယစ်တိုက်ဖျက်ရေးမှာ အကျင့် ပျက်ရဲဝန်ထမ်းတွေကို အရေးယူ ဖို့လို  မူးယစ်တိုက်ဖျက်ရေးမှာ အကျင့် ပျက်ရဲဝန်ထမ်းတွေကို အရေးယူ ဖို့လို Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.