မြိတ်မြို့ ထိုင်းနိုင်ငံသားပိုင် ပုလဲသန္တာဟိုတယ်တွင် တရားမ၀င် လောင်းကစားဝိုင်များရှိနေကြောင်း အလုပ်ထုတ်ခံဝန်ထမ်းအချို့ ထုတ်ဖော်

Photo-အလုပ်မှထုတ်ပယ်ခံရသည့် ဟိုတယ်ဝန်ထမ်းများ သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားခဲ့စဉ်။ 
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းရပ်ကွက်ရှိ ထိုင်းနိုင်ငံသားပိုင် ပုလဲသန္တာဟိုတယ်တွင် တရားမ၀င် လောင်းကစားဝိုင်းများရှိနေကြောင်း ယင်းဟိုတယ်မှ အလုပ်ထုတ်ခံရသူ ၀န်ထမ်းအချို့က သြဂုတ် ၁၇ ရက်တွင် ပြောဆိုခဲ့သည်။

``တရားမ၀င်လောင်းကစားဝိုင်းတွေ Slot လို့ခေါ်တဲ့ ငါးဂိမ်းတွေအပြင် deller လို့ခေါ်တဲ့ ဖဲဝေကစားနည်းတွေလည်း ပါတယ်။ ဒီဂိမ်းတွေမှာ ဒေသခံတွေပါ လာကစားတာတွေ့တယ်``ဟု ဟိုတယ်ဝန်ထမ်းဟောင်း ဦးကိုကိုက ဆိုသည်။ ထို့ပြင် ယင်းလောင်းကစား ငါးဂိမ်းသို့ဝင်ရောက်ကစားပါက အနည်းဆုံးငွေ ကျပ်တသိန်းပါမှသာအတွင်းသို့ ၀င်ရောက်ကစားစေကြောင်းနှင့် ကာစီနိုလောင်းကစားကဲ့သို့ ဖဲဝေကစားနည်းများကိုလည်း သီးသန့်အခန်းများဖြင့် ပြုလုပ်ထားကြောင်း အထက်ပါ ဟိုတယ်ဝန်ထမ်းဟောင်းများက ပြောသည်။

သို့သော်လည်း ကာစီနိုကဲ့သို့သော ဖဲဝေကစားနည်းများ လုံးဝမရှိကြောင်း ယင်းဟိုတယ်မန်နေဂျာ ဦးအောင်အောင်ကျော်က ငြင်းဆိုခဲ့သည်။
''ကာစီနိုသဘောမျိုးဖဲဝေကစားနည်းတွေက ဟိုတယ်မှာမရှိပါဘူး၊ မြန်မာ့နိုင်ငံရင်းနှီးမြပ်နှံမှုကော်မရှင်က သဘောတူခွင့်ပြုထားတဲ့ Slot Machine ဂိမ်းတွေပဲ ရှိတာပါ'' ဟု ၎င်းက ဆိုသည်။

Slot Machine ဂိမ်းဆိုသည်မှာ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေနှစ်မျိုးဖြင့် နိုင်ငံခြားသားများသာ ကစားခွင့်ပြုသည့် ကစားနည်းဖြစ်ကာ ငါးဖမ်းဂိမ်း၊ နဂါးဂိမ်း အပါအ၀င် ဂိမ်းအမျိုးအစား ၄ မျိုးခန့်ရှိပြီး၊ နိုင်ငံခြားသား ကစားသူများရှိသည့်နေ့တွင်သာ ဖွင့်လှစ်ပေးကြောင်း၊ ကာစီနိုဟုခေါ်သည့် ရှမ်းကိုးမီးကဲ့သို့ ဖဲဝေကစားနည်းများဟိုတယ်တွင် လုံးဝမရှိကြောင်း မန်နေဂျာက ပြောသည်။

တရားမ၀င်လောင်းကစားဝိုင်းများ ရှိနေကြောင်းဖွင့်ဟခဲ့သည့် ဟိုတယ်ဝန်ထမ်းများသည် သြဂုတ်လ ၁၃ ရက်တွင် ဟိုတယ်မှ အကြောင်းမဲ့အလုပ်ထုတ်ခြင်းခံထားရသူများဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း၊ ဟိုတယ်ဝန်ထမ်းများကို အကြောင်းမဲ့ အလုပ်ထုတ်ခြင်းဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း ၎င်းတို့ ၅ ဦးနှင့် သက်ဆိုင်သည့် မန်နေဂျာတို့ အလုပ်ကိစ္စအဆင်မပြေခဲ့သည့်အတွက် သက်ဆိုင်ရာနှင့်ရှင်း မည်ဆိုကာ အလုပ်မဆင်းဘဲ ခွင့်မဲ့ပျက်ကွက် (၃) ရက်ကျော်နေပြီဖြစ်သည့်အတွက် စည်းမျဉ်းအရ အလုပ်ထုတ်လိုက်သည့် သဘောဖြစ်ကြောင်း ဦးအောင်အောင်ကျော်က ဆိုသည်။
လက်ရှိတွင် ၎င်းတရားမ၀င်လောင်း ကစားမှုများနှင့်ပတ်သက်၍ ဒေသအာဏာ ပိုင်များအနေဖြင့် ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ခြင်းမရှိမှုကို မြိတ်ဒေသခံများက ဝေဖန်လျက်ရှိပြီး လူမှုကွန်ရက် စာမျက်နှာများမှလည်း ရေးသားဖော်ပြမှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။

ကိုညီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြိတ်မြို့ ထိုင်းနိုင်ငံသားပိုင် ပုလဲသန္တာဟိုတယ်တွင် တရားမ၀င် လောင်းကစားဝိုင်များရှိနေကြောင်း အလုပ်ထုတ်ခံဝန်ထမ်းအချို့ ထုတ်ဖော်  မြိတ်မြို့ ထိုင်းနိုင်ငံသားပိုင် ပုလဲသန္တာဟိုတယ်တွင် တရားမ၀င် လောင်းကစားဝိုင်များရှိနေကြောင်း အလုပ်ထုတ်ခံဝန်ထမ်းအချို့ ထုတ်ဖော် Reviewed by THITHTOOLWIN on 17:15 Rating: 5
Powered by Blogger.