WFP မှ မော်တော်ဘုတ်တစ်စီး မင်းပြား ကြပ်စင်တံတားအနီး၌ တိမ်းစောင်းနစ်မြုပ်

မင်းပြားမြို့သို့ ရေဘေးကယ်ရေးပစ္စည်း ထောက်ပံ့ပေးရန်လာသည့် WFP မှ မော်တော်ဘုတ်တစ်စီး မင်းပြား ကြပ်စင်တံတားအနီး၌ တိမ်းစောင်းနစ်မြုပ်
မင်းပြား (July 28, 2016)

ရခိုင်ပြည် မင်းပြားမြို့နယ် ရေးဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ပေးရန်အတွက် စားနပ်ရိက္ခာများ တင်ဆောင်လာသည့် WFP မှ မော်တော်ဘုတ်တစ်စီး ယနေ့ မွန်းလွဲ ၂ နာရီကျော် အချိန်ခန့်က မင်းပြားမြို့နယ် ကြပ်စင်တံတားအနီး၌ တိမ်းစောင်း နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ စားနပ်ရိက္ခာများ တင်ဆောင်လာသည့် မော်တော်ဘုတ်သည် ပန်ကာအရွက် ၄ ရွက်အနက် တစ်ရွက် ကျိုးပဲ့သွားသည့်အတွက် ပြုပြင်ရန် မင်းပြားမြို့ ကြပ်စင်တံတားအနီး မင်းပြားဘက်ဆိပ်ကမ်း၌ ဆိပ်ကပ်ထားစဉ် ဒီရေအကျတွင် ကုန်ပစ္စည်းအလေးချိန်ကြောင့် မြစ်ထဲဘက်သို့ တိမ်းစောင်းကာ နစ်မြုပ်ခဲ့သည်ဟု သိရကြောင်း ထိုနေရာသို့ သွားရောက်ကြည့်ရှုခဲ့သူ ကိုစောမိုးကျော် ပြောပြချက်အရ သိရသည်။


" မင်းပြား ကြပ်စင်တောင်မော် အနီးမှာ ကယ်ဆယ်ရေးပစ္စည်း တင်ဆောင်လာတဲ့ မော်တော်ဘုတ်တစ်စီး တိမ်းစောင်း နစ်မြုပ်တယ်လို့ ပြောသံကြားမိတဲ့အတွက် ကျွန်တော်တို့ မင်းပြားမြို့ နာရေးကူညီမှုဖောင်ဒေးရှင်း က ကူညီနိုင်စရာရှိရင် ကူညီလို့ရအောင်ဆိုပြီး အဲဒီနေရာကို သွားခဲ့တာပါ။ မော်တော်ဘုတ်ပေါ် တင်ဆောင်လာတဲ့ ရေဘေးကယ်ဆယ်ရေး ဆန်အိတ် ပဲအိတ် စတဲ့ စားနပ်ရိက္ခာတွေ အကုန်လုံးလိုလို ရေနစ်မြုပ်သွားတာကို တွေ့ခဲ့တယ်။ ဒီပစ္စည်းတွေကို အလုပ်သမားတွေနဲ့ ကုန်းပေါ်ကို တင်ဆောင်ပေးနေကြတာကို တွေ့ရပါတယ်။ လူအသေအပျောက် မရှိပါဘူး။" ဟု မင်းပြားမြို့မှ ကိုစောမိုးကျော် က ပြောသည်။


ယခုနှစ် ဇူလိုင်လဆန်းပိုင်းက ရေကြီးမှုကြောင့် မင်းပြားမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး စားနပ်ရိက္ခာများ တင်ဆောင်လာသည့် ယခု တိမ်းစောင်း နစ်မြုပ်ခဲ့သော မော်တော်ဘုတ်တွင် ဆန်အိတ် ၆၀၀ ကျော်နှင့်အတူ ပဲ စသော စားနပ်ရိက္ခာများ ပါဝင်ကြောင်း သိရသည်။

မင်းပြား - သတင်း
28 . 07 . 2016
Photo: Saw Moe Kyaw
https://www.facebook.com/mongbranews
WFP မှ မော်တော်ဘုတ်တစ်စီး မင်းပြား ကြပ်စင်တံတားအနီး၌ တိမ်းစောင်းနစ်မြုပ် WFP မှ မော်တော်ဘုတ်တစ်စီး မင်းပြား ကြပ်စင်တံတားအနီး၌ တိမ်းစောင်းနစ်မြုပ် Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.