RCSS/SSA မှ ပစ္စည်းထမ်းခိုင်းသူ ရွာသားများ မိုင်းနင်းမိသဖြင့် ၁ ဦးသေ ၇ ဦး ဒဏ်ရာရ


အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့မှ နမ္မတူမြို့နယ်မှ ဒေသခံရွာသားများအား ပစ္စည်းထမ်း သယ်ပို့ခိုင်းစဉ် မိုင်းနင်းမိမှုကြောင့် ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင့် နမ္မတူဒေသခံများထံမှ သိရသည်။


နားဝိုင်း ၊ နမ့်ကဲ ၊ ပိန်းလုံ ၊ နမ့်ပိုင် အစရှိသည့် ကျေးရွာများမှ ဒေသခံ ၁၇ ဦးအား အာစီအက်စအက်စ စစ်ကြောင်းများအတွက် ပစ္စည်းထမ်း သယ်ပို့ခိုင်းစဉ် ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက နမ့်ကွန်ကျေးရွာ အနီးတွင် ကြိုးမိုင်းနင်းမိပြီး သေကြေဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု နမ္မတူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးက The Ladies News သို့ အတည်ပြုပြောဆိုသည်။


‘နမ့်ပိုင်က စိုင်းကျော်သောင်းကတော့ ဆုံးသွားတယ်။ ဒဏ်ရာရတဲ့လူတွေကို ကျွန်မအိမ်က ကားနဲ့ပဲ လားရှိုးဆေးရုံကို ပို့ခိုင်းလိုက်တယ်’ ဟု နန်းခမ်းအေးက ပြောသည်။

ဒဏ်ရာရရှိသူများမှာ စိုင်းအောင်မြင့်( နားဝိုင်းကျေးရွာ )၊ စိုင်းမောင်အေး ( ပိန်းလုံ ) ၊ စိုင်းဆန်လူ (နားကဲ ) ၊ စိုင်းဆန်ကျော် ( နမ့်ပိုင် ) ၊ စိုင်းဆန်စိုင်း ( နမ့်ပိုင် ) ၊ အိုက်ကျိုင်း (နမ့်ပိုင် ) တို့ဖြစ်ကြပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရသည်။


နမ္မတူ ဒေသခံများ၏ ပြောဆိုချက်အရ ဒေသတွင်းလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့ အားလုံးအနေဖြင့် မိုင်းကို အသုံးပြုလေ့ရှိပြီး မကြာခဏ ပေါက်ကွဲမှုကြောင့် သေဆုံးမှုများလည်း ဖြစ်ပေါ်နေသည်ဟု ဆိုကြပါသည်။

‘တအာင်းရွာတွေ ၊ ရှမ်းရွာတွေနားမှာလည်း ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ၀င်ပြီဆိုရင် ပတ်ပတ်လည်မှာ လုံခြုံရေးအရ ထောင်သွားတယ်။ တစ်ခါတစ်ခါ သူတို့ပြန်ပြီးရင်မေ့ပြီး ပြန်မဖြုတ်တာတွေလည်း ရှိတော့ တချို့လယ်လုပ် ယာလုပ်ဒေသခံတွေက နင်းမိကုန်ရော၊ တစ်လောကတောင် နမ့်ပိုင်နားမှာ မိုင်းတွေ့လို့ ရွာနဲ့သိပ်မဝေးတဲ့ နေရာမှာ အခြေစိုက်တဲ့ စစ်တပ်က လူတွေကို အကူညီတောင်း မုန့်ဖိုးပေးပြီး မိုင်းဖြုတ်ခိုင်းရတယ်” ဟု နမ့်ပိုင်ကျေးရွာမှ ဒေသခံတစ်ဦးကလည်း ပြောသည်။

နမ္မတူ ဒေသတွင် ဒေသတွင်း အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်မှုများ ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တိုက်ခိုက်မှုများကြောင့် ဒေသခံများမှာ ကျီးလန့်စာစားသကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

The Ladies News
https://www.facebook.com/News.TheLadies
RCSS/SSA မှ ပစ္စည်းထမ်းခိုင်းသူ ရွာသားများ မိုင်းနင်းမိသဖြင့် ၁ ဦးသေ ၇ ဦး ဒဏ်ရာရ RCSS/SSA မှ ပစ္စည်းထမ်းခိုင်းသူ ရွာသားများ မိုင်းနင်းမိသဖြင့် ၁ ဦးသေ ၇ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.