Munich ပစ်ခတ်မှု အသေအပျောက်ရှိ သေနတ်သမားတွေ လွတ်နေဆဲ

Munich ပစ်ခတ်မှု အသေအပျောက်ရှိ သေနတ်သမားတွေ လွတ်နေဆဲ (သတင်းဓာတ်ပုံများ)
ဂျာမဏီနိုင်ငံ Munich မြို့ဈေးရုံကြီးတခုမှာ သောကြာနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး အသေအပျောက်တွေ ရှိခဲ့ပါတယ်။ Munich မြို့ Olympia ဈေးအဆောက်အဦးထဲမှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကြောင့် လူတချို့သေဆုံးပြီး အများအပြား ဒဏ်ရာရရှိတယ်လို့ ဂျာမန် မီဒီယာတွေမှာ ဖေါ်ပြနေပါတယ်။


လူတွေအိမ်ထဲမှာပဲနေကြဖို့နဲ့ အပြင်ထွက်တယ်ဆိုရင်လဲ လူစည်ကားတဲ့နေရာတွေကိုရှောင်ကြဖို့ ဒါမှမဟုတ် လုံခြုံတဲ့နေရာတွေမှာ အကာအကွယ်ယူနေကြဖို့ Twitter နဲ့ facebook တွေမှာ ရဲဘက်က အကြံပေးချက်တွေ မကြာခဏ ထုတ်လွှင့် ဖေါ်ပြနေပါတယ်။


သေနတ်သမား ဒါမှမဟုတ် သနတ်သမားတွေ လွတ်မြောက်နေဆဲဖြစ်ပြီး မျက်မြင်သက်သေတွေက လက်နက်ကိုင်ထားသူ ၃ ယောက်တွေ့လိုက်ရတယ်လို့ ဆိုကြောင်း ရဲဘက်ကပြောပါတယ်။ ဗွီဒီယိုတခုတည်းမှာတော့ သေနတ်ကိုင်ထားတဲ့ အမျိုးသားတဦးကို McDonald ဆိုင်ရှေ့မှာ တွေ့ရပြီး၊ မောင်းပြန်သေနတ်သံတွေ စတင် ထွက်လာတာနဲ့ တပြိုင်နက် ဗွီဒီယိုရိုက်ကူးသူ ထွက်ပြေးခဲ့ရပါတယ်။


Munich မြို့တခုလုံး ရဲတွေ အနှံ့အပြားမှာ လုံခြုံရေးတာဝန်ယူထားကြပါတယ်။ အခုပစ်ခတ်မှုဟာ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။ ၁၇ နှစ်သားအရွယ် အာဖဂန်ဒုက္ခသည်တဦး ပြီးခဲ့တဲ့ သောကြာနေ့က ရထားပေါ်မှာ ပုဆိန်နဲ့ ခရီးသည်တချို့ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီး တပတ်အကြာမှာ အခု ပစ်ခတ်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အခုအချိန်ထိသေဆုံးသူ ၆ ဦးရှိပြီဖြစ်ပါတယ်။ သမ္မတ အိုဘားမားက ဒီအတွက် ၀မ်းနည်းကြောင်း ပြောကြားပြီး ဂျာမနီ လိုအပ်တဲ့ အကူအညီ အားလုံးကိုပေးမယ်လို့လဲ ကတိပြုလိုက်ပါတယ်။

နောက်ပိုင်းအခြေအနေကို ဆက်လက်ဖေါ်ပြသွားမှာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Munich ပစ်ခတ်မှု အသေအပျောက်ရှိ သေနတ်သမားတွေ လွတ်နေဆဲ Munich ပစ်ခတ်မှု အသေအပျောက်ရှိ သေနတ်သမားတွေ လွတ်နေဆဲ Reviewed by THITHTOOLWIN on 05:00 Rating: 5
Powered by Blogger.