မြန်မာပလာဇာနှင့် Junction Square တို့ကို ဗုံးခွဲမည်ဟု နောက်ပြောင် မက်ဆေ့ခ်ျပို့သော ကျောင်းသား တစ်ဦးကို ဆက်သွယ်ရေး ပုဒ်မဖြင့် အရေးယူ
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
မြန်မာပလာဇာနှင့် Junction Square တို့ကို ဗုံးဖောက်ခွဲမည်ဟု နောက်ပြောင် မက်ဆေ့ခ်ျပို့သူ လူငယ်တစ် ဦးကို ဆက်သွယ်ရေး ပုဒ်မနှင့် အရေးယူ ဆောင်ရွက်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးလှဝေက ပြောကြားသည်။
ယင်းပေးပို့ခဲ့သည့် မက်ဆေ့ခ်ျကြောင့် ဇူလိုင်လ ၄ ရက် ညပိုင်းက ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဗုံးဖောက်ခွဲမည့် သတင်းများ ပျံနှံ့ခဲ့ပြီး ပြည်သူများ ထိတ်လန့် ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အဆိုပါ ဗုံးဖောက်ခွဲမည့် မက်ဆေ့ခ်ျ ပေးပို့သည့် လူငယ်သည် မင်္ဂလာဒုံ မြို့နယ်ရှိ ခရေပင်ရိပ်မွန် အိမ်ရာ (၃) တွင် နေထိုင်သော အသက် ၁၇ နှစ် အရွယ် မြန်မာနိုဗယ် ကောလိပ်မှ ပထမနှစ် ကျောင်းသားဖြစ်ပြီး ဇွန်လ ၂ ရက်နေ့က ၎င်းသူငယ်ချင်း တစ်ဦး၏ လက်ကိုင်ဖုန်းထံ “AK 47 အလက် ၈၈ လက်၊ C4 ဗုံး အလုံး ၂၀ ရပြီ၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ Junction Square ကားပါကင်မှာ သုံးလုံး၊ မြန်မာပလာဇာမှာ လေးလုံး ဖောက်ခွဲမယ်။ အောင်မြင်ရင် ငွေလာထုတ်” ဟု ရေးထားသည့်စာ ပေးပို့ခဲ့စဉ် ဖုန်းနံပါတ် မှားယွင်းကာ အခြားအမျိုးသမီး တစ်ဦးထံ ရောက်ရှိသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
ပြည်သူများ ထိတ်လန့်စေရန် ဗုံးဖောက်ခွဲမည် ဖုန်းမက်ဆေ့ခ်ျ မှားယွင်းပေးပို့ခဲ့သော လူငယ်ကို ဇူလိုင်လ ၅ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဗိုလ်တထောင် မြို့မ ရဲစခန်းက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
မြန်မာပလာဇာနှင့် Junction Square တို့ကို ဗုံးခွဲမည်ဟု နောက်ပြောင် မက်ဆေ့ခ်ျပို့သော ကျောင်းသား တစ်ဦးကို ဆက်သွယ်ရေး ပုဒ်မဖြင့် အရေးယူ
Reviewed by THITHTOOLWIN
on
16:30
Rating:
