ဗီယင်နာ ၊ ၅-၇-၂၀၁၆
တူရကီနိုင်ငံအား EU အဖွဲ့ဝင်အဖြစ် လက်ခံပါက မိမိတို့နိုင်ငံ အနေဖြင့် အဖွဲ့ကြီးမှ နုတ်ထွက် သွားမည် ဖြစ်ကြောင်း သြစတြီးယား လက်ယာယိမ်း ခေါင်းဆောင်က သတိပေး ပြောကြား ခဲ့သည်ဟု Press TV သတင်းတစ်ရပ် အရ သိရသည်။
တူရကီ အစိုးရသည် အဖွဲ့ဝင်အဖြစ် ပူးပေါင်းရန် EU မှတာဝန်ရှိသူ များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေစဉ် အတွင်း EU အဖွဲ့မှ နုတ်ထွက်လိုသည့် သြစတြီးယား လွတ်လပ်မှု ပါတီ (FPO) မှ ခေါင်းဆောင် နော်ဘာ့တ်ဟိုဖာ က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တူရကီနိုင်ငံအား EU အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်ခံလိုခြင်း ရှိ၊ မရှိကို သြစကြီးယား နိုင်ငံသားများအား မေးမြန်းပါက ၄င်းတို့က လုံးဝလက်ခံ လိမ့်မည် မဟုတ်ကြောင်း နော်ဘာ့တ်ဟိုဖာ က ပြောကြားသည်။
သို့သော် EU အတွင်းသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည် အရေးကိစ္စကို ကူညီ ဖြေရှင်းရန် အတွက် အလဲအလှယ် အနေဖြင့် တူရကီနိုင်ငံအား EU အဖွဲ့ဝင်နိုင်ငံ အဖြစ် အမြန်ဆုံးလက်ခံ သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ ခေါင်းဆောင်များက ယခုနှစ် မတ်လတွင် ကတိပြု ပြောကြားခဲ့သည်။
ဥရောပနိုင်ငံ များအတွင်းသို့ ရွှေ့ပြောင်း ဒုက္ခသည်များနှင့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူများ အလုံးအရင်း ဝင်ရောက် လာခြင်းကို ထိန်းချုပ်ရန် EU မှ အကြီးအကဲ များနှင့် တူရကီ ဝန်ကြီးချုပ် တို့အကြား မတ် ၁၈ ရက်တွင် တွေ့ဆုံဆွေးနွေး ပြီးနောက် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သဘောတူညီမှု စာချုပ်အရ တူရကီနိုင်ငံ အတွင်းမှ ဂရိနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်း ဒုက္ခသည်များ အလုံးအရင်း ဝင်ရောက်လာမှုကို ထိန်းချုပ်မည့် စီမံချက်များအား တူရကီ အစိုးရက လက်ခံခဲ့ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com

တူရကီအား EU အဖွဲ့ဝင်အဖြစ် လက်ခံပါက EU မှ နုတ်ထွက်မည်ဟု သြစတြီးယား သတိပေး
Reviewed by THITHTOOLWIN
on
16:02
Rating: