ရန်ကုန် ဇူလိုင် ၈
ရန်ကုန်မြို့တွင် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ လီမိတက်မ BRT Lite စနစ်ဖြင့် ယာဉ်နောက်လိုက် မပါဝင်သော ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေရ သည့် ယာဉ်လိုင်းပြေးဆွဲလျက်ရှိရာတွင် ယာဉ်လိုင်းတစ်လျှောက် ယာဉ်ရပ် မှတ်တိုင်အချို့ ဖျက်ဆီးခံရခြင်းနှင့် ခရီးသည် အချို့မှာလည်း ယာဉ်စီးခ ပေးချေခြင်းမရှိဘဲ စီးနင်းနေမှု များကို ကြုံတွေ့နေရကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။
အဆိုပါ ဘတ်စ်ကားလိုင်းပြေးဆွဲရာလမ်းကြောင်း တစ်လျှောက်တွင် ယာဉ်ရပ်မှတ်တိုင်များကို သီးခြား ဆောင်ရွက်ပေးထားပြီး ယာဉ်လမ်းကြောင်း များကို ညွှန်ပြ ထားသော်လည်း စည်းကမ်းမဲ့ဖျက်ဆီးထားမှုများ ရှိနေကြောင်း သိရသည်။
''ယာဉ်ရပ်မှတ်တိုင်တွေ ဖျက်ဆီးခံနေရတာ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အနူးအညွတ် မေတ္တာရပ်ခံလျက် ရှိပါတယ်။ အများပြည်သူဘက်ကလည်း ပူးပေါင်း ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ စီစီတီဗွီကင်မရာ မှတ်တမ်းတွေကဖြစ်စေ၊ မိဘပြည်သူတွေက ဆက်သွယ် သတင်းပေးပို့ တာဖြစ်စေ တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားပါမယ်။ ဒီယာဉ်လိုင်းစနစ် အောင်မြင်ဖို့ဆိုတာ အသိပညာပေးတာနဲ့တင် မလုံလောက်ပါဘူး။ ပြည်သူလူထု ပူးပေါင်းပါဝင်မှ အောင်မြင်မှာပါ။ ကားပေါ်တန်းစီတက်တဲ့အလေ့အထ၊ ပိုက်ဆံ ထည့်တဲ့ အလေ့ အထ၊ ငွေပေးကတ်ကို စက်နဲ့ပေးတဲ့အလေ့အထ တွေကနေ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဘတ်စ်ကား လိုင်းလိုမျိုး ရေရှည်အောင်မြင်အောင်လုပ်နိုင်ဖို့ အားလုံး ပူးပေါင်းပါဝင်ဖို့ လိုပါတယ်''ဟု အဆိုပါကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦး က ပြောသည်။
ယင်းအပြင် အဆိုပါယာဉ်လိုင်းစနစ်သည် ယာဉ် နောက်လိုက်မပါဝင်ဘဲ ယာဉ်နောက်လိုက်ထံ ငွေပေးချေ နေရသည့် အခက်အခဲများ ကင်းလွတ်စေရန်နှင့် ငွေအကြွေ ပြဿနာ၊ ယာဉ်နောက်လိုက်နှင့် ဆက်ဆံရေး မပြေလည် မှုပြဿနာများ မဖြစ်ပေါ်စေရန် နိုင်ငံ တကာမြို့ပြများရှိ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်များတွင် အသုံးပြုနေသည့် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို ကျင့်သုံး လျက်ရှိရာ ခရီးသည် အချို့မှာ ယာဉ်စီးခပေးချေခြင်းမရှိဘဲ စီးနင်းနေခြင်း၊ ငွေပေးချေကတ် မရှိသူများအတွက် ယာဉ် စီးခ ကျပ် ၃ဝဝ ကို ငွေထည့်ပုံးထဲသို့ ထည့်ဝင်စေသော် လည်း အပြည့်အဝပေးချေမှုမရှိဘဲ စီးနင်းနေခြင်းများကို ကြုံတွေ့နေရသည်ဟု သိရသည်။
''ယာဉ်စီးခကို ငွေဖြည့်ကတ်(Anypay Card) နဲ့ ပေးတဲ့စနစ်ကို လုပ်ထားပေမယ့် ကြိုတင်ဝယ်မထားတဲ့သူ တွေအတွက် အဆင်ပြေစေဖို့ ကားပေါ်မှာ ထားထားတဲ့ ငွေထည့်ပုံးထဲကို ယာဉ်စီးခ ကျပ် ၃ဝဝ ကိုယ်တိုင် ထည့် စနစ်နဲ့ စီးနင်းလို့ရအောင် လုပ်ထားပေးပါတယ်။ ဒါပေမယ့် ငွေရေ တွက်ရင် ဆုတ်ပြဲနေတဲ့ငွေတွေ၊ တစ်ပိုင်းသာပါတဲ့ ငွေတွေ၊ ကျပ် ၁ဝ တန်၊ ကျပ် ၂ဝ တန်တွေ ထည့်ထားပြီး ကားခအပြည့်အဝမပေးဘဲ စီးနေတာတွေ ရှိပါတယ်'' ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်လိုင်းစနစ်ကို စီးနင်းသူခရီးသည်များက ကြိုက်နှစ်သက်မှု ရှိကြပြီး လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးရန်နှင့် ကားအစီးရေး တိုးချဲ့ပြေးဆွဲပေးရန် တောင်းဆိုမှု များကြောင်း သိရသည်။ လက်ရှိတွင် လည်း ပြည်ပမှ ယာဉ်အသစ်များမှာယူကာ ခရီးစဉ်တိုးချဲ့ပြေးဆွဲရန် စီစဉ်လျက် ရှိသည်။ သက်ဆိုင်ရာအနေဖြင့်လည်း အဆိုပါ ယာဉ်လိုင်း ကဲ့သို့ အများပိုင်စနစ်ဖြင့် ဝန်ဆောင်မှုအခြေပြုသော ဘတ်စ်ကားလိုင်းများ ရန်ကုန်မြို့တွင် သတ်မှတ်ပြေးဆွဲ သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ သို့ရာတွင် ရေရှည်ဝန်ဆောင်မှုကောင်းမွန်သော သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်ရန်မှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနှင့် ကုမ္ပဏီများတွင် သာမက အများပြည်သူ၏ ကူညီ ပူးပေါင်း ဆောင်ရွက်မှုသည်လည်း လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူက တစ်ဦးက သုံးသပ်သည်။
BRT Lite ဘတ်စ်ကားလိုင်း၏ ယာဉ်စီးခ ငွေပေးချေ ကတ်ရောင်း ချခြင်းနှင့် ငွေဖြည့်ခြင်းများအတွက် မှတ်တိုင် ရှစ်ခုဖြစ်သော ထောက်ကြန့်၊ ၈မိုင်၊ မာလာ၊ မြေနီကုန်း၊ သမ္မတ၊ ဝါယာလက်၊ လမ်းနီ၊ ဗိုလ်တထောင် မှတ်တိုင် တို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
BRT Lite ယာဉ်ရပ်မှတ်တိုင်များ ဖျက်ဆီးခံရ၊ ယာဉ်စီးခမပေးချေဘဲ စီးနင်းနေမှုများ ကြုံတွေ့နေ
Reviewed by THITHTOOLWIN
on
06:45
Rating:
