မူလတန်းသင်ကြားရသော ဆရာ/ဆရာမများ၏ အလုပ်သည် အခက်ခဲဆုံးဟု ဒေါ်အောင်ဆန်းစုကြည် ပြော


မြန်မာနိုင်ငံ၏ အခြေအနေအရ မူလတန်းသင်သည့် ဆရာ/ဆရာမများ သည် အထက်တန်း၊ တက္ကသိုလ်ပညာ သင်ကြားပေးသည့် ဆရာ၊ဆရာမများကဲ့သို့ တန်ဖိုးထားလေးစားမှုရှိမနေဘဲ အမှန်တကယ်၌ မူလတန်း သင်ကြားရသော ဆရာ/ဆရာမများသည် အခက်ခဲဆုံး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၂၁ ရက်က နေပြည်တော်၌ ကျင်းပသည့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် ပြော ကြားလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ''တချို့နိုင်ငံတွေမှာဆို မူလတန်းကျောင်းဆရာ၊ ဆရာမ တွေကို တခြား ဆရာ၊ ဆရာမတွေထက်ပိုတဲ့လစာ ထောက်ပံ့ကြေးတွေပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလတန်းသင်ရတဲ့ အလုပ်ဟာ အခက်ခဲဆုံးပဲ။ အရေးပါဆုံးဆိုတာကို လက်ခံထားလို့ ဖြစ်တယ်။ အစကောင်းမှ အနှောင်းသေချာဆိုသလို အစပျိုးလိုက်သူတွေကို ချီးမြှောက်ခြင်း ဖြစ်ပါတယ်''ဟု ပြောသည်။

ယင်းအပြင် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်တွင် သင်ပေးသည့် အခွင့်အရေးမရသဖြင့် မူလတန်းအဆင့်၌ သင်ကြားပေးရသည်ဟု မကျေနပ်စိတ်ဖြင့် သင်ကြားနေရပါက ဆရာ၊ ဆရာမများ၏ စိတ်ထဲတွင် စေတနာပါနိုင်မည်မဟုတ်ကြောင်း၊ မိမိအလုပ်သည် အနာဂတ်မျိုးဆက်များအတွက် ပြုစုပျိုးထောင်ပေးရသည့်အလုပ်ဖြစ်၍ မိမိအလုပ်ကဲ့သို့ မွန်မြတ်သည့်အလုပ်မရှိဟု စေတနာဖြင့် သင်ကြား ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆရာ/ဆရာမများအနေနှင့် မိမိတော်ခြင်းတတ်ခြင်းထက် မိမိသင်ကြားပေးလိုက်သည့် တပည့်များ ပိုမိုတော် တတ် ထက်မြက်ခြင်းကို အလေးထားရမည်ဟု ဆိုသည်။ ''သင်ရိုးညွှန်းတမ်းကို လေ့လာထားရုံနဲ့ မရပါဘူး။ ဗဟုသုတကြွယ်ဝမှ တပည့်တွေကို ဗဟုသုတ အမြင်ကြွယ်ဝအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင်က စိတ်မပါဘဲ တခြားသူစိတ်ဝင်စားအောင် မလုပ်နိုင်ပါဘူး''ဟု ပြောသည်။

အဆိုပါပွဲ၌ ပညာရေးဝန်ကြီးဌာန ၀န်ကြီးဒေါက်တာမျိုးသိန်းကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား စေတနာ ၀ါသနာ၊ အနစ်နာ အကြောင်းပြောကြားပေးရန် အချက်အလက်များ ပေးပို့ထားပြီး သူမအနေနှင့် ပေးထားသည့် အချက်အလက်အားကြည့်၍ ပြောလေ့မရှိသော်လည်း ပညာရေး၌ စေတနာ၊ ၀ါသနာ၊ အနစ်နာစသည့် အရေး ကြီးသောကြောင့် ၎င်းကိုပင် အခြေခံ၍ ပြောမည်ဟု ဆိုသည်။

အခြေခံပညာနှင့်ပတ်သက်၍ ''အခြေခံပညာဟာ မိဘတွေနဲ့လည်းဆိုင်ပါတယ်။ မိဘဆိုတာ လက်ဦးဆရာလို့ ပြောလေ့ရှိတယ်။ ဒါပေမဲ့ မိဘတွေဟာ သားသမီးကို ဆရာ၊ ဆရာမတွေလက်ထဲ ဘယ်လိုအပ်လိုက် သလဲဆိုတာ စဉ်းစားစရာပါ။ မိဘဆိုတာ ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်ကြတာပဲ။ ဒါကြောင့် ကိုယ့်ထက်ပိုတော်တယ်။ ပိုတတ်ကျွမ်းတဲ့သူတွေရဲ့ လက်ထဲကိုထည့်ပြီး သားသမီးတွေ အသိပညာတိုးတက် အောင် ကျောင်းကိုပို့တာ ဖြစ်ပါတယ်။ ကျောင်းတွေကို တန်ဖိုးထားတယ်ဆိုတော့ ကျွန်မတို့ကျောင်းတွေဟာ တကယ်ပဲ အားကိုးထိုက်၊ လေးစားထိုက်၊ တန်ဖိုးထားထိုက် အောင်ရှိရဲ့လားဆိုတာ ပညာရေးမှာ ပါဝင် ပတ်သက်တဲ့သူတွေ စဉ်းစားရမယ့် အချက်အလက်ဖြစ်ပါတယ်''ဟု ပြောကြားခဲ့ပြီး ယင်းအခမ်းအနားသို့ နိုင်ငံတော် သမ္မတ၏ ဇနီးဒေါ်စုစုလွင် အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မူလတန်းသင်ကြားရသော ဆရာ/ဆရာမများ၏ အလုပ်သည် အခက်ခဲဆုံးဟု ဒေါ်အောင်ဆန်းစုကြည် ပြော  မူလတန်းသင်ကြားရသော ဆရာ/ဆရာမများ၏ အလုပ်သည် အခက်ခဲဆုံးဟု ဒေါ်အောင်ဆန်းစုကြည် ပြော Reviewed by THITHTOOLWIN on 22:43 Rating: 5
Powered by Blogger.