တူရကီ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွါးနေ

Bosphorus တံတားနဲ့ Fatih Sultan Mehmet တံတား ၂ ခုကို တူရကီစစ်တပ်လုံခြုံရေးတပ်ဖွဲ့ဝင်က ပိတ်ဆို့ထား။ (ဇူလိုင် ၁၅၊ ၂၀၁၆)
တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းမှုတရပ် ဖြစ်ပေါ်နေပါတယ်။

အခြေအနေရှုတ်ထွေးနေဆဲဖြစ်ပြီး အသေးစိတ် မသိနိုင်သေးပေမဲ့ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်သွားတဲ့ စစ်တပ်ရဲ့ အီးမေးလ်ထုတ်ပြန်ချက်တရပ်မှာတော့ သူတို့က တိုင်းပြည်ကို ထိန်းသိမ်းလိုက်ပြီး အရပ်ဘက်ခေါင်းဆောင် အများအပြားကို အကျယ်ချုပ် ချထားတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီကို ထိန်းသိမ်းဖို့အတွက် အာဏာသိမ်းခဲ့ရတာဖြစ်ပြီး လူ့အခွင့်အရေး ကို လေးစားလိုက်နာမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၀န်ကြီးချုပ် Binali Yil Dirim ကတော့ ဒါကို အာဏာသိမ်းမှုလို့ခေါ်ရင် မှားယွင်းလိမ့်မယ်လို့ ဆိုပါတယ်။ ဒါဟာ စစ်တပ်အစိတ်အပိုင်းတခုရဲ့ တရားမ၀င်တဲ့ ကြိုးပမ်းမှုတရပ်သာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဟာ တိုင်းပြည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ပြည်သူလူထုက လက်မခံဘူးလို့ဆိုမှ ရာထူးက ဖယ်ရှားပေးမယ်လို့လည်း ၀န်ကြီးချုပ် Yil Dirim က NTV ပုဂ္ဂလိက ရုပ်မြင်သံကြားအစီအစဉ်ကို ပြောကြားခဲ့ပါတယ်။
တူရကီစစ်တပ် လုံခြုံရေးအပြည့်ယူထားစဉ်။
Ankara မြို့တော် ကောင်းကင်မှာ စစ်ဘက်ဂျက်လေယာဉ်တွေ ပျံသန်းနေပြီး သေနတ်သံတွေလည်း ကြားနေရတယ်လို့ အဲဒီမှာရောက်ရှိနေတဲ့ သတင်းထောက်တွေက ဆိုပါတယ်။

Istanbul မြို့ Bosphorus ရေလက်ကြားမှာ ထိုးထားတဲ့ Bosphorus တံတားနဲ့ Fatih Sultan Mehmet တံတား ၂ ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်က ပိတ်ဆို့ထားကြပါတယ်။ နောက်ဆက်တွဲအခြေအနေတွေကို အလျဉ်းသင့်သလို ဆက်လက် ဖော်ပြသွားမှာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တူရကီ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွါးနေ  တူရကီ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွါးနေ Reviewed by THITHTOOLWIN on 04:57 Rating: 5
Powered by Blogger.