ကဘူး ဇူလိုင် ၉
အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း စစ်ဆင်ရေးများလုပ်ဆောင်ခဲ့ရာ စစ်သွေးကြွ ၁ဝ ဦးအား သုတ်သင်နိုင်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူများ က ယနေ့ပြောကြားသည်။
အာဖဂန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ (အေအန်အက်စ်အက်ဖ်)သည် လွန်ခဲ့သည့် ၂၄ နာရီအတွင်းက တက်ဟာ နှင့် ဟဲလ်မန့်ပြည်နယ်အတွင်း၌ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုအကြိမ်အရေအတွက် အချို့ပြုလုပ်ခဲ့ရာ လက်နက်ကိုင် စစ်သွေးကြွခြောက်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကာ ခုနစ်ဦးကို ထိန်းသိမ်းရရှိခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။
အာဖဂန် အမျိုးသားလုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်များကို ရှာဖွေတွေ့ရှိပြီး သိမ်းဆည်းရယူခဲ့ကြောင်းနှင့် အာဖဂန်ကြည်းတပ် တပ်ဖွဲ့ဝင်သုံးဦးလည်း စစ်ဆင်ရေးပြုလုပ်စဉ် သီးခြားဖြစ်စဉ်များ၌ ကျဆုံးခဲ့ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြသည်။
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ကန်ဒုစ်ပြည်နယ် အိုင်မန် ရှာဟစ်ခရိုင်ရှိ အစိုးရတပ်စခန်းတစ်ခုကို ဇူလိုင် ၈ ရက် ညပိုင်း၌ လာရောက်တိုက်ခိုက်သော စစ်သွေးကြွများအား အာဖဂန်အစိုးရတပ်ဖွဲ့ဝင်များက တွန်းလှန်တိုက်ခိုက်ရာ စစ်သွေးကြွလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိသွားသည်ဟု အာဖဂန်စစ်ဘက်သတင်းရင်းမြစ်များက ဇူလိုင် ၉ ရက် နံနက်အစောပိုင်းတွင် ဆင်ဟွာသတင်း ဌာနသို့ ပြောကြားသည်။
ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အာဖဂန်နစ္စတန်တွင် တစ်ရက်အတွင်း စစ်သွေးကြွ ၁ဝ ဦးအား သုတ်သင်
Reviewed by THITHTOOLWIN
on
07:24
Rating:
