တိုင်း ၃ ခုကို ဗမာပြည်နယ် သတ်မှတ်ဖို့ တိုင်းရင်းသား ဆွေးနွေး

၂၀၁၃ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင် တချို့ကို တွေ့ရစဉ် (Credit: ABC) 
ကချင်ပြည်နယ် ​မိုင်ဂျာယန်မှာ ​ကျင်းပပြုလုပ်နေတဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​တော်လှန်ရေးအဖွဲ့အစည်းများ၏ ​မျက်နှာစုံညီ ​အစည်းအဝေးအတွင်း ​ပဲခူးတိုင်း၊ ​မန္တလေးတိုင်းနဲ့ ​မကွေးတိုင်းကို ​ဗမာပြည်နယ်အဖြစ် ​သတ်မှတ်ဖို့ ​အကြမ်းအားဖြင့် ​ဆွေးနွေးခဲ့ကြတယ်လို့ ​ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ​ဧရာဝတီတိုင်း၊ ​တနင်္သာရီတိုင်း ​စတဲ့ ​တိုင်းတွေမှာ ​တိုင်းရင်းသား ​လူမျိုးတွေ ​အများအပြားရှိတဲ့အတွက် ​အမျိုးသားများ ​ပြည်နယ်အဖြစ် ​သတ်မှတ်ဖို့ ​ဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။

တိုင်းရင်းသားတွေကို ​ပြည်နယ် ​သတ်မှတ်ပေးပြီး ​တိုင်း ​၇ ​တိုင်းကိုတော့ ​ဗမာတွေ ​ယူထားတာမျိုးကို ​ကြည့်ခြင်းအားဖြင့် ​ဗမာ ​၇ ​ကျပ် ​တိုင်းရင်းသား ​တစ်ကျပ်လို ​မညီမျှမှုတွေ ​ဖြစ်နေတယ်လို့ ​ဆိုပါတယ်။

အမျိုးသားများ ​ပြည်နယ်အဖြစ် ​သတ်မှတ်မယ့် ​ကိစ္စကို ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့ ​ကိုယ်စားလှယ် ​အများစု ​ထောက်ခံကြပေမယ့် ​ရှမ်းအဖွဲ့ကတော့ ​ရှမ်းပြည်နယ် ​နာမည်ပြောင်းခေါ်မယ့် ​ကိစ္စကို ​ကန့်ကွက်ခဲ့တယ်လို့ ​ဧရာဝတီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်အတွင်း ​ပအို့ဝ်၊ ​ပလောင်၊ ​ကချင်၊ ​ကိုးကန့် ​စတဲ့ ​လူမျိုးတွေလည်း ​အများအပြား ​နေထိုင်တဲ့အတွက် ​ဖက်ဒရယ် ​ရှမ်းပြည်နယ်လို ​ပြုလုပ်ဖို့ကိစ္စကိုလည်း ​အနည်းငယ် ​ဆွေးနွေးခဲ့ကြပါတယ်။

တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေရဲ့ ​ဒုတိယနေ့ ​ထုတ်ပြန်ကြေညာချက်မှာတော့ ​ဖက်ဒရယ် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေနဲ့ ​ပြည်နယ်ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေဆိုင်ရာ ​အခြေခံတွေ ​ဆွေးနွေးခဲ့ကြသလို ​ဖက်ဒရယ်အခြေခံမှုနဲ့ ​ဝိသေသ ​လက္ခဏာဆိုင်ရာ ​စာတမ်းတင်သွင်းတာတွေ ​ပြုလုပ်ခဲ့ကြတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​ဖက်ဒရယ် ​ပြည်ထောင်စု ​ဖွဲ့စည်းပုံမှာ ​မဖြစ်မနေ ​ပါဝင်ရမယ့် ​အချက် ​၈ ​ချက်ဖြစ်တဲ့ ​အချုပ်အခြာ ​အာဏာ ​တန်းတူရေး၊ ​ကိုယ်ပိုင်ပြဌာန်းခွင့်၊ ​စစ်မှန်သော ​ဖက်ဒရယ် ​ပြည်ထောင်စု၊ ​တိုင်းရင်းသား ​လူနည်းစုရဲ့ ​အခွင့်အရေးကို ​ကာကွယ်ရေး၊ ​ဒီမိုကရေစီ ​အခွင့်အရေး၊ ​ကျား၊ ​မ ​တန်းတူရေးနဲ့ ​ပါတီစုံ ​ဒီမိုကရေစီနဲ့ ​ဘာသာရေးကို ​အခြေခံတဲ့ ​နိုင်ငံဖြစ်ပေါ်ရေးကို ​ဆွေးနွေးကြတယ်လို့ ​ဆိုပါတယ်။

အစည်းအဝေးကို ​၂၉ ​ရက်နေ့အထိ ​ကျင်းပမှာ ​ဖြစ်လို့ ​၂၁ ​ရာစု ​ပင်လုံညီလာခံ ​ကျင်းပရေးအတွက် ​အကြိုညှိနှိုင်းမှုတွေနဲ့ ​ဖက်ဒရယ် ​ဒီမိုကရေစီ ​ပြည်ထောင်စု ​တည်ဆောက်ရေးတွေအတွက် ​ဆက်လက် ​ဆွေးနွေးမယ်လို့လည်း ​ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အနေနဲ့ ​ပြည်ထောင်စု ​ညီညွတ်ရေးနဲ့ ​အမျိုးသား ​ရင်ကြားစေ့ရေးအတွက် ​ဦးတည် ​လုပ်ဆောင်တာ ​ဖြစ်ဖို့ ​မျှော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
တိုင်း ၃ ခုကို ဗမာပြည်နယ် သတ်မှတ်ဖို့ တိုင်းရင်းသား ဆွေးနွေး  တိုင်း ၃ ခုကို ဗမာပြည်နယ် သတ်မှတ်ဖို့ တိုင်းရင်းသား ဆွေးနွေး Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.