![]() |
ဆားလင်းကြီးမြို့ရှိ ဆာလ်ဖျူရစ် အက်စစ်စက်ရုံအနီးတွင် လယ်ယာလုပ်ကိုင်နေကြသည်ကို တွေ့ရစဉ်။ Photo: Amnesty International |
ပြည်သူတွေရဲ့ ကျန်းမာရေး နဲ့ စိုးရိမ်မှုတွေ လျော့ကျသွားအောင် စက်ရုံကို ပြောင်းရွှေ့သင့်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ထံကို တိုင်းအစိုးရကလည်း မှတ်ချက်ပြုတင်ပြထားတယ်လို့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။
ဆာလဖျူရစ်အက်ဆစ်စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် ဘေးပတ်ဝန်းကျင်ရွာတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနေတယ်ဆိုတာ ကို ဒေသခံတွေရဲ့ ပြောပြချက်တွေ စုစည်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့လည်း ဦးမြင့်ကြည်က ပြောပါတယ်။
စက်ရုံနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ကံကုန်းကျေးရွာက ဒေသခံတွေဟာ စက်ရုံကထွက်တဲ့ အက်ဆစ်နံ့တွေ ကြောင့် အသက်ရှုလမ်းကြောင်း၊ အရေပြားနဲ့ မျက်လုံးရော ဂါတွေ ခံစားနေရတယ်လို့ AI အဖွဲ့ သွားရောက်လေ့လာစဉ် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အစိုးရသစ်လက်ထက်မှာ အသစ်တင်မြှောက်လိုက်တဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စက်ရုံကြောင့်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေကို ဆန်းစစ်မှု မပြီးမချင်း လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ကို သက်တမ်းမတိုးပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဗဟိုအစိုးရဌာန အဖွဲ့အစည်းတစ်ခုက ဆက်လက်လည်ပတ်ခွင့်ပြုနေတာဖြစ်တယ်လို့လည်း AI အဖွဲ့က ဆိုပါတယ်။
အစိုးရသစ်အနေနဲ့ အဲ့ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်နစ်နာနေတဲ့ ပြည်သူတွေနဲ့ ညှိနိုင်းဆွေးနွေးပြီး တဲ့အထိ သတ္တုတွင်းလုပ်ငန်းလည်ပတ်မှုတွေ ကို ရပ်ဆိုင်းထားသင့်ကြောင်း အကြံပြုထားပါတယ်။
ပြီးခဲ့တဲ့ဇွန်လက အက်ဆစ်စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် စက်ရုံအနီးမှာရှိတဲ့ စာသင်ကျောင်း မှာ ကလေးတွေ ကျောင်းမတက်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီစက်ရုံဟာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်က လုပ်ကိုင်နေတာဖြစ်ပြီး ဒီနှစ် အောက်တိုဘာလမှာ စက်ရုံလည်ပတ်ခွင့် သက်တမ်းကုန်ဆုံး မှာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အက်ဆစ်စက်ရုံပြောင်းရွှေ့ သင့်ကြောင်း အေအိုင်အကြံပြု
Reviewed by THITHTOOLWIN
on
18:42
Rating:
