နိုင်ငံခြားရေးဝန်ကြီး နုတ်ထွက်လင့်ကစား သေဒဏ်ပြစ်ဒဏ် ပြဌာန်းခြင်းကို ဆက်လက် လုပ်ဆောင်မည်ဟု မော်လ်ဒိုက် သမ္မတပြော

မော်လ်ဒိုက်နိုင်ငံရှိ ရေပေါ်ဟိုတယ်များအား တွေ့ ရစဉ် (ဆင်ဟွာ)
    မေးလ် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

    မော်လ်ဒိုက်နိုင်ငံ သမ္မတ အဗ္ဗဒူလာ ယမ်မင်း အဗ္ဗဒူဂေရုမ်းသည် နိုင်ငံအတွင်း၌ သေဒဏ် ဥပဒေ ပြဌာန်းရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သမ္မတရုံးက ဇူလိုင်လ ၆ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။

မော်လ်ဒိုက် နိုင်ငံခြားရေး ဝန်ကြီး ဒွန်ယမော်မွန်းသည် သေဒဏ်ဥပဒေ ပြဌာန်းခြင်းကို ကန့်ကွက်သည့် အနေဖြင့် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ သမ္မတရုံးမှ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဇူလိုင်လ ၆ ရက်တွင် ကျင်းပသည့် မွတ်စလင် Eid ul-Fitr ပွဲတော်၌ မော်လ်ဒိုက်သမ္မတက ၄င်း၏ အစိုးရအဖွဲ့ အတွင်းရှိ ဒုတိယသမ္မတ သုံးဦး နှင့် ကာကွယ်ရေး ဝန်ကြီးများကို ရာထူး အပြောင်းအလဲ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

မော်လ်ဒိုက် တိုးတက်ရေးပါတီ (PPM) သည် နိုင်ငံအတွင်း၌ အကြီးဆုံး နိုင်ငံရေးပါတီ ဖြစ်ပြီး နောင်လေးနှစ်တွင် ပါတီ ကျဆုံးရေး မဖြစ်စေရဘဲ ယခုကာလတွင် ပါတီဝင်များအားလုံး စည်းလုံးရတော့မည့် အချိန်ဖြစ်ကြောင်း ၊ နိုင်ငံ တိုးတက်ရေး အတွက် အပြန်အလှန် ညှိနှိုင်းခြင်း နှင့် အမြင်ရှင်းစွာ တွေ့ဆုံ ဆွေးနွေးခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း ဆက်လက် ပြောကြားသည်။

သေဒဏ်ပြစ်ဒဏ် ပြဌာန်းရေးနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ စိစစ်မှုများနှင့် လေးလေးနက်နက် စဉ်းစား ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ မိမိတို့၏ လူ့အဖွဲ့ အစည်းကို အကာအကွယ်ပေးရေး နှင့် ပိုမို လုံခြုံစေရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း သမ္မတက ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တရားစွဲဆိုခြင်း ခံသည့်အပေါ် နိုင်ငံတကာ၏ စူးစမ်းလေ့လာခြင်းများလည်း ကြုံတွေ့ နေရပြီး ယင်းအခြေအနေများကြောင့် အုပ်ချုပ်ရေးသည် တရားစီရင်ရေး ဌာနအပေါ် လွှမ်းမိုး၍ မဖြစ်နိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com
နိုင်ငံခြားရေးဝန်ကြီး နုတ်ထွက်လင့်ကစား သေဒဏ်ပြစ်ဒဏ် ပြဌာန်းခြင်းကို ဆက်လက် လုပ်ဆောင်မည်ဟု မော်လ်ဒိုက် သမ္မတပြော  နိုင်ငံခြားရေးဝန်ကြီး နုတ်ထွက်လင့်ကစား သေဒဏ်ပြစ်ဒဏ် ပြဌာန်းခြင်းကို ဆက်လက် လုပ်ဆောင်မည်ဟု မော်လ်ဒိုက် သမ္မတပြော Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.