ဂျာမနီ ရထားတစ်စင်းပေါ်၌ ပုဆိန်ဖြင့် တိုက်ခိုက်မှုကြောင့် လူလေးဦး ဒဏ်ရာရ
အခင်းဖြစ်ရထားအား လုံခြုံရေး တပ်ဖွဲ့ ဝင်များက စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)
    မြူနစ် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
    ဂျာမနီနိုင်ငံ တောင်ပိုင်း Bavaria ပြည်နယ် ဝဇ်ဘတ် (Wuerzburg) မြို့ ရထားတစ်စင်းပေါ်၌ ဇူလိုင်လ ၁၈ ရက် ညပိုင်းတွင် ပုဆိန်ကိုင်ထားသော လူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ရထားပေါ်လိုက်ပါလာသည့် အမျိုးသား ခရီးသည် လေးဦး ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ က အတည်ပြု ပြောကြားသည်။
တိုက်ခိုက်ခံရသော ခရီးသည်လေးဦးတွင် သုံးဦးမှာ ဒဏ်ရာပြင်းထန်ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာငယ်လေးသာ ရရှိသွားကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။ ထရီချူလင်ဂန်မြို့ (Treuchlingen) နှင့် ဝုဇ်ဘတ်မြို့အကြား ပြေးဆွဲနေသည့် ၄င်းရထားပေါ်တွင် လိုက်ပါလာသည့် အခြားခရီးသည် ၁၄ ဦးမှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။
အဆိုပါ ပုဆိန်ဖြင့် တိုက်ခိုက်သူအား ရဲတပ်ဖွဲ့ က သေနတ်ဖြင့် ပစ်သတ် ဖမ်းဆီးလိုက်ကြောင်း နှင့် ၄င်းဖြစ်စဉ်မှာ တစ်ကိုယ်တော် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း Bavarian ပြည်နယ် ပြည်ထဲရေး ဝန်ကြီးဌာန ပြောရ ခွင့်ပုဂ္ဂိုလ်က ဆိုသည်။
ထို့ပြင် ပုဆိန်နှင့် ဓားကိုင်ဆောင်၍ တိုက်ခိုက်မှု ကျူးလွန်သူမှာ ဝုဇ်ဘတ်မြို့ကို မကြာသေးခင်မှ ရောက်ရှိလာခဲ့သူ တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။ ၄င်းတိုက်ခိုက်သူမှာ ဂျာမနီနိုင်ငံ၌ ခိုလှုံခွင့် တောင်းခံထားသည့် အသက် ၁၇ နှစ်အရွယ် အာဖဂန်နစ္စတန် နိုင်ငံသား တစ်ဦးဖြစ်ကြောင်း နှင့် ရဲတပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းစဉ် အသေဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း Bavarian ပြည်နယ် ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ဂျိုအာချင်းဟားမန်းက ပြောသည်။
အဆိုပါလူငယ်သည် အစ္စလန်ဘာသာဖြင့် အော်ဟစ်၍ တိုက်ခိုက်မှု ကျူးလွန်ခဲ့သော်လည်း ၄င်းပြောဆိုသည့် စကားအဓိပ္ပါယ် အသေးစိတ်ကို ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း ဝန်ကြီးက ဆက်ပြောသည်။
(Xinhua)
http://www.xinhuamyanmar.com
ဂျာမနီ ရထားတစ်စင်းပေါ်၌ ပုဆိန်ဖြင့် တိုက်ခိုက်မှုကြောင့် လူလေးဦး ဒဏ်ရာရ  ဂျာမနီ ရထားတစ်စင်းပေါ်၌ ပုဆိန်ဖြင့် တိုက်ခိုက်မှုကြောင့် လူလေးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 11:19 Rating: 5
Powered by Blogger.