ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းဖမ်းဆီးခံရ


နိရဉ္စရာ၊ ဇူလိုင် ၂၅

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာနမှ ဒုတာဝန်ခံ ခိုင်မျိုးထွန်း ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးခံရသည်ဟု သတင်းရရှိသည်။

“ခိုင်မျိုးထွန်း အဖမ်းခံရတယ်ဆိုတာ မှန်ပါတယ်။ တပ်မတော်ကို အကြည်အညို ပျက်စေမှုနဲ့ ဖမ်းဆီး လိုက်တာပါ။ ရခိုင်ပြည်နယ် အခြေစိုက် ဒကစ စစ်တွေမှ စစ်ဦးစီး ပထမတန်း ဒုဗိုလ်ကြီးတစ်ဦးကနေပြီးတော့ မေလလောက်က တပ်မတော်ကို အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ၅၀၅ (ဂ) တွေနဲ့ တရားရုံးမှာ ဦးတည်လျှောက်ထားပါတယ်။ တရားရုံးက စစ်ဆေးဖို့အတွက် အကြိမ်ကြိမ်ဆင့်ခေါ်တာကို ပျက်ကွက်ခဲ့တဲ့ အတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်”ဟု စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

တရားရုံးမှ ဖမ်းဝရမ်းထုတ်ပြီး နယ်မြေခံရဲက ရှာဖွေရာ ခိုင်မျိုးထွန်းကို စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်တွင် တွေ့ရှိ၍ ယနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

တရားရုံးက ဖမ်းဝရမ်းထုတ်လာ၍ ရဲတပ်ဖွဲ့အနေဖြင့် တာဝန်ပိုင်းအရ ဖမ်းဆီးရခြင်းဖြစ်သည်ဟု ယင်းရဲအရာရှိက ထပ်လောင်းပြောကြားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ပြန်ကြားရေးဌာနမှ ၂၀၁၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် စစ်တပ်အတွက် ပေါ်တာဆွဲခြင်း၊ ကျေးရွာများကို နှင်ထုတ်ခြင်း၊ ပြည်သူများကို စစ်မြေပြင်သို့ ခေါ်ယူသွားခြင်းနှင့် စစ်သုံ့ပန်းများကို ရက်ရက်စက်စက်သတ်ဖြတ်ခြင်း အချက်များပါဝင်သည်ဟု သိရသည်။

ယင်းသို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဧပြီလ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းနှင့် ကျောက်တော်ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး ခိုင်ရဲလင်းတို့ကို အစိုးရရုံးတွင် ခေါ်ယူ တွေ့ဆုံခဲ့ပြီး အထောက်အထားခိုင်ခိုင်လုံလုံ မပြသနိုင်ပါက ဖမ်းဆီးအရေးယူ ခံရနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်ဟု သိရသည်။

စံမောင်သန်း၊ ရန်ကုန်
Narinjara
https://www.facebook.com/Narinjara
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းဖမ်းဆီးခံရ  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.