မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်လိုလား


မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းသူပြည်သားတွေရဲ့ လူနေမှုဘ၀ မြှင့်တင်ရေးတို့ကို အထောက်အကူပြုစေဖို့အတွက် တရုတ်နိုင်ငံက မြန်မာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်လိုကြောင်း တရုတ်ဝန်ကြီးချုပ် Li Keqiang က စနေနေ့မှာ ပြောပါတယ်။

မွန်ဂိုလီးယားနိုင်ငံမြို့တော်မှာ ကျင်းပနေတဲ့ (၁၁) ကြိမ်မြောက် ASEM - အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ် Li Keqiang က အဲဒီလို ပြောကြားလိုက်တာပါ။

လွန်ခဲ့တဲ့ ၆၆ နှစ်တုန်းက တရုတ်နဲ့ မြန်မာအကြား သံတမန် ဆက်ဆံရေးတွေ စတင် တည်ထောင်စဉ်က ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ (၅) ချက် အပေါ် အခြေခံပြီး အိမ်နီးချင်းကောင်း ပီသစွာနဲ့ ဆက်ဆံရေး ပိုမို ခိုင်မြဲအောင် ရပ်တည်နိုင်ခဲ့ကြောင်းလည်း တရုတ်ဝန်ကြီးချုပ် Li Keqiang က ပြောပါတယ်။

နှစ်နိုင်ငံကြား ရေရှည် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ရေး၊ တည်ငြိမ် ကောင်းမွန်တဲ့ နှစ်နိုင်ဆံ ဆက်ဆံရေး တည်ဆောက်နိုင်ရေးတို့အတွက် မြန်မာအစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နိုင်ငံက အဆင့်သင့်ရှိကြောင်းလည်း တရုတ်ဝန်ကြီးချုပ် Li Keqiang က ပြောပါတယ်။

မြန်မာသမ္မတ ဦးထင်ကျော်ကလည်း တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ (၅) ချက်နဲ့အညီ ရပ်တည်ခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးဟာ တိုးတက် ဖွံ့ဖြိုးနေကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ လူမှုဘ၀ မြင့်မာရေးနဲ့ လူထုကို အကျိုးဖြစ်ထွန်းစေဖို့အတွက် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်မှုတွေ ပိုရောက်လာဖို့ မြန်မာနိုင်ငံက မျှော်လင့်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်လိုလား  မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်လိုလား Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.