ဆိုင်ကယ်ဖြင့် လှည့်လည်သွားလာကာ လုယက်သူ ၂ ဦးအား ဖမ်းဆီးရမိ

ဆိုင်ကယ်ဖြင့်လှည့်လည်သွားလာကာ လုယက်သူ ၂ ဦးအားဖမ်းဆီးရမိပြီး
စစ်ဆေးရာမှ အခြားလုယက်မှုများ ထပ်မံပေါ်ပေါက်
ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းလျော့နည်း ကျဆင်းရေး အတွက် နယ်မြေများအတွင်း သတင်းစုံစမ်းခြင်း၊ ကင်းလှည့်ခြင်း၊ ဒုစရိုက်မှုများဖော်ထုတ် ဖမ်းဆီးခြင်းများကိုဆောင်ရွက် လျက်ရှိရာ ၃.၇.၂၀၁၆ ရက်နေ့ ၂၁၄၀ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့မရဲစခန်းမှ မော်တော်ယာဉ်လှည့်ကင်းတာဝန် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူများက မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ ၀ဇီရာ(၇)လမ်းနှင့်(၈)လမ်းထိပ်၌ အလုပ်မှနေအိမ်သို့ ပြန်လာသည့်အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်(၂၂၀၀၀)ပါ လက်ကိုင်အိတ်ကို ဆိုင်ကယ်စီးနင်းလာပြီး လုယက်မောင်းနှင် ထွက်ပြေးသူ သာကေတမြို့နယ်နေ ထက်အောင်နိုင်၊ (၁၉)နှစ်နှင့် သော်ဇင်ဦး၊ (၁၉)နှစ်တို့(၂)ဦးကို လိုက်လံဖမ်းဆီးရမိခဲ့သဖြင့် မြောက်ဥက္ကလာပ မြို့မရဲစခန်း(ပ)၇၄၆/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၂/၁၁၄ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

၎င်းအမှုမှ ပြစ်မှုကျူးလွန်သူ ထက်အောင်နိုင်နှင့် သော်ဇင်ဦးတို့(၂)ဦးအား အခြားလုယက်မှု၊ ခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာမှ ၎င်းတို့(၂)ဦးစသည် ဆိုင်ကယ်ဖြင့် အတူသွားလာ၍ ၂၀၁၆ ခုနှစ်၊ မေလ အတွင်းက ညအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်း၊ အ၀ိုင်းကြီး ကားမှတ်တိုင်အနီး၌ စက်ဘီးစီးနင်းလာသူ အမျိုးသမီးတစ်ဦး၏ လက်တွင်ဝတ်ဆင်ထားသော အလေးချိန်(၁)ကျပ်သားခန့်ရှိ ရွှေဟန်းချိန်း ၁ ခုအား လုယူခဲ့ကြောင်း၊ ဇွန်လအတွင်းက မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်း၌ စက်ဘီးစီးနင်းလာသူ အမျိုးသမီးတစ်ဦး၏ စက်ဘီးရှေ့ခြင်းအတွင်းမှ SAMSUNG အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း ၁ လုံးနှင့် HUAWEI အမျိုးအစားအနက်ရောင်လက်ကိုင်ဖုန်း ၁ လုံး၊ ခေမာသီလမ်းနှင့် မေဓါဝီလမ်းဆုံ၌ စက်ဘီးစီးလာသူ အမျိုးသား၏ ခါးကြားမှTITAN အမျိုးအစား ငွေမင်ရောင်လက်ကိုင်ဖုန်း ၁ လုံး၊ မေဓါဝီ လမ်းပေါ်၌ စက်ဘီးစီးလာသူ အမျိုးသားတစ်ဦး၏ ခါးကြားတွင်ထိုးထားသော SAMSUNG အမျိုးအစားအနက်ရောင် လက်ကိုင်ဖုန်း ၁ လုံးတို့ကို လုယက်ခဲ့ကြကြောင်းပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများ ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး အမှုများဖွင့်လှစ်အရေးယူကာ အခြားကျူးလွန်မှုများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။

အဆိုပါဖော်ထုတ် သိမ်းဆည်းရရှိခဲ့သော သက်သေခံပစ္စည်း ဟန်းချိန်းနှင့် လက်ကိုင်ဖုန်းများကို ပိုင်ရှင်များမှ ပြန်လည်ရရှိနိုင်စေရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပိုင်ရှင်များအနေဖြင့်လည်းမြောက်ဥက္ကလာပမြို့မရဲစခန်း(ဖုန်း-၀၁ ၉၆၉၉၃၈၄)သို့ လာရောက် ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဆိုင်ကယ်ဖြင့် လှည့်လည်သွားလာကာ လုယက်သူ ၂ ဦးအား ဖမ်းဆီးရမိ  ဆိုင်ကယ်ဖြင့် လှည့်လည်သွားလာကာ လုယက်သူ ၂ ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.