စားဆီအဆိပ်အတောက် လူနာ ၆၀ ကျော် ဆေးရုံမှ ပြန်ဆင်းသွားပြီ

မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်မှ စားဆီအဆိပ်အတောက် ဖြစ်မှုကြောင့် ဆေးရုံတက်ကုသခံရသည့် လူနာ ၆၀ ကျော် ဆေးရုံမှ ပြန်ဆင်းသွားပြီ
မင်းပြား (July 17, 2016)

ရခိုင်ပြည် မြောက်ဦးခရိုင် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်၌ ယနေ့ နံနက်ပိုင်းက ထမင်းကျော်နှင့် အစားအစာတချို့ စားသုံးမိကြသည့်အတွက် မင်းပြားမြို့ ပြည်သူ့ဆေးရုံ၌ အရေးပေါ် ဆေးကုသမှုခံယူနေကြရသည့် လူကြီး/ငယ်/ကလေး လူနာ ၆၀ ကျော်မှာ စိုးရိမ်စရာ မရှိသည့်အတွက်ကြောင့် ယနေ့ ညနေပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။


" ကျွန်တော်တို့ မင်းဘာကြီးရပ်ကွက်က ဒီနေ့ အစာအဆိပ်အတောက်ဖြစ်တာ အသက် ၂ နှစ်ကနေ ၇၀ ကျော်အထိ လူနာစုစုပေါင်း ၆၈ ယောက်ပါ။ အခု လူနာ ၁ ယောက်ကို ဆေးရုံကဆင်းခွင့် မပေးသေးပါဘူး။ ကျန်တဲ့သူတွေက ကျန်းမာရေး စိတ်ချရတဲ့ အခြေအနေမှာရှိလို့ ဆေးရုံကဆင်းခွင့်ပေးလို့ မိမိတို့နေအိမ် အသီးသီးကို ပြန်သွားကြပါပြီ။ ကျန် လူ ၁ ယောက်ကလည်း စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။ မနက်ဖြန်လောက်ဆို ဆေးရုံကဆင်းခွင့်ရမှာ ထင်ပါတယ်။" ဟု မင်းဘာကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသိန်းမောင် ကပြောသည်။


ယနေ့ နံနက်ပိုင်းက မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်၌ ထမင်းကျော် ရောင်းသည့် ဒေါ်မသန်းအေး ထံမှ ထမင်းကျော်ကို စားမိကြရာမှ အသက် ၂ နှစ်အရွယ်မှ ၇၀ ကျော်အရွယ်အထိ လူပေါင်း ၆၀ ကျော် အော့အန် ခေါင်းမူး သတိမေ့ ဖြစ်ပွားကာ မင်းပြားပြည်သူ့ဆေးရုံ၌ အရေးပေါ် ဆေးကုသမှုခံခဲ့ရသည်။


အလားတူ မင်းပြားမြို့နယ် ဖုံသာအုပ်စု တောင်ပုက္ကေကျေးရွာ၌လည်း မနေ့ညက လူ ၃၀ ကျော် အော့အန် ခေါင်းမူးဖြစ်ပွားခဲ့ကာ ဆီကြောင့်ဖြစ်သည်ဟု ယူဆရကြောင်း၊ လူနာများကို ကျေးရွာ ကျန်းမာရေးလုပ်သားက ဆေးကုသပေးနိုင်ခဲ့သည့်အတွက် အဆင်ပြေခဲ့ကြောင်းနှင့် အဆိုပါရွာ၌ စားသုံးဆီရောင်းချသူ ဦးအောင်ဘသိန်းမှာ စားဆီများကို မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက် မစောမြင့် စားကုန်ဆိုင်မှ ဝယ်ယူခဲ့သည်ဟု သိရှိရကြောင်း ဖုံသာအုပ်စု တောင်ပုက္ကေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းချေ ကပြောသည်။


အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာများမှ စုံစမ်းစစ်ဆေးချက်အရ စားသုံးဆီမှဖြစ်နိုင်သည်ဟု ယူဆကာ ထမင်းကျော်ရောင်းသူ အသုံးပြုသည့် စားဆီဝယ်ယူခဲ့သော မင်းဘာကြီးရပ်ကွက်ရှိ ဆန်းဆန်းဝင်း ကုန်စုံဆိုင်နှင့် အဆိုပါဆီအား မင်းပြားမြို့၌ ဖြန့်ဖြူးရောင်းချနေသည့် မစောမြင့် စားကုန်ဆိုင်တို့အား ဆက်လက်စစ်ဆေးကာ အဆိုပါဆီများကို ဆက်လက်မဖြန့်ဖြူးရေးနှင့် အစာအဆိပ်အတောက်ဖြစ်ရသည့် ရင်းမြစ်ကို သိရှိနိုင်ရန် သက်ဆိုင်ရာမှ ဓာတ်ခွဲစစ်ဆေးအဖြေရှာနိုင်ရန် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်းပြား - သတင်း
17 . 07 . 2016
https://www.facebook.com/mongbranews/
စားဆီအဆိပ်အတောက် လူနာ ၆၀ ကျော် ဆေးရုံမှ ပြန်ဆင်းသွားပြီ  စားဆီအဆိပ်အတောက် လူနာ ၆၀ ကျော် ဆေးရုံမှ ပြန်ဆင်းသွားပြီ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.