မြောက်ဦးမြို့နယ်တွင် လူသတ်မှု ဖြစ်ပွား


နိရဉ္ဇရာ၊ဇူလှိုင် ၁၉ ရက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့ ညနေက လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

လူသတ်မှုမှာ မြောက်ဦးမြို့နယ် ညောင်ပင်လှကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ မောင်မြင့်လှိုင် (၃၈) နှစ် (ဘ) ဦးမောင်သာနု ဖြစ်ကြောင်း၊ သတ်သူဟု ယူဆရသူ တရားခံမှာ အောင်သန်းဌေး (၂၉) နှစ် (ဘ) ဦးအောင်ထွန်းလှ ဖြစ်ကြောင်း၊ သူတို့ နှစ်ဦးစလုံးမှာ လယ်ပိုင်ရှင် ဦးစံရွှေသိန်းထံတွင် သူရင်းငှား အဖြစ် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်သောင်းမှ နိရဉ္ဇရာသတင်းဌာနသို့ အတည်ပြု ပြောဆိုပြောသည်။

“ကျွန်တော်တို့ သတင်းရရင် ရချင်းဘဲ စက်လှေနဲ့ အဲဒီရွာကို လိုက်သွားပါတယ်။ သတ်သူလို့ ယူဆရတဲ့ တရားခံ အောင်သန်းဌေးကို ဇူလှိုင်လ ၁၉ ရက်နေ့ မှာ ဖမ်းမိပါတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ လယ်တဲတွင် စကားများကြရာမှ ဓားခုတ်မှု ဖြစ်ပွားသည်ဟု သိရှိကြောင်း၊ သေဆုံးသူ၏ ဦးခေါင်း နောက်စေ့တွင် ဓားခုတ်ဒဏ်ရာကို တွေ့ရှိရကြောင်း၊ တရားခံ အဖြစ် စွပ်စွဲခံထားရသူ အောင်သန်းဌေးကို ညောင်ပင်လှရွာနှင့် ၂ မိုင်ခန့် ဝေးကွာကြောင်း ဒုရဲမှူး ကျော်မြ၀င်းဦးဆောင်သောတပ်ဖွဲ့က ကြိုးပမ်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး ဦးမြင့်သောင်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ ခုအောင်သန်းဌေးကို စစ်ဆေးနေတုန်းပါ။ စစ်ဆေးပြီးတာနဲ့ အမှုဖွင့်ပြီး လူသေမှုနဲ့ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်” ဟုပြောဆိုသည်။

ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမြို့နယ်တွင် လူသတ်မှု ဖြစ်ပွား  မြောက်ဦးမြို့နယ်တွင် လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.