လွှတ်တော်အမတ်တွေကို ထိန်းချုပ်တာမဟုတ်လို့ စာထုတ်ပြန်

 ပြည်သူတွေက ရွေးချယ် တင်မြှောက်လို့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌ တွေက ရွေးချယ်ခဲ့လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သူတွေ မဟုတ်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ INGO၊ NGO နဲ့ CSO စတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များက အစည်းအဝေးတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေနဲ့၊ လေ့လာရေး ခရီစဉ်တွေ တက်ရောက်ဖို့ ဖိတ်ကြားလာရင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံ မပျက်မကွက် တင်ပြ အတည်ပြုချက် ရယူရမယ်ဆိုတဲ့ ပန်ကြားချက် ကို ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ပန်ကြားချက်ဟာ ဗဟိုက ချုပ်ကိုင် ထိန်းချုပ် ထားတယ် ဆိုတဲ့ ဝေဖန်ချက် အမျိုးမျိုး ထွက်လာခဲ့ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ပြည်သူ့ လွှတ်တော် ရုံးကနေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကို ထိန်းချုပ်တာ မဟုတ်ဘူး ဆိုပြီး စာပြန်ထုတ်ခဲ့ပါတယ်။

လွှတ်တော်ရဲ့ညွှန်ကြားချက် က NLD ပါတီ က ကိုယ်စားလှယ် တွေ အတွက် မှန်ကောင်း မှန်ပေမယ့်၊ အခြားပါတီ က ကိုယ်စားလှယ်တွေ အတွက် ဆိုရင် အခု ပန်ကြားချက်က လွဲချော်နေတဲ့ လုပ်နည်း လုပ်ဟန် ဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောပါတယ်။

ပြည်သူတွေက ရွေးချယ် တင်မြှောက်လို့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌ တွေက ရွေးချယ်ခဲ့လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သူတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

လွှတ်တော်ထဲက ရေးရာ ကော်မတီ အသီးသီးမှာ လွှတ်တော် ဥက္ကဋ္ဌ က တာဝန် ပေးမှ၊ တာဝန်ထမ်းဆောင် ရတာ ဖြစ်တဲ့ အတွက် ကော်မတီကို ရည်ညွှန်းပြီး ပန်ကြားမှသာ မှန်ကန်တဲ့ လုပ်နည်း လုပ်ဟန် ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာကြောင့် အခုလို ပန်ကြားလွှာ ထုတ်ရတယ်ဆိုတဲ့ အကျိုးအကြောင်း သင့် ရှင်းပြတာ မျိုးလည်း မရှိဘူးလို့ သိရပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကလည်း ဖြေရှင်းချက် သဘောမျိုး ဖြစ်နေပြီး ဖြေရှင်းချက် ပြန်လည် ထုတ်ရတယ်ဆိုကတည်း က လွှတ်တော်ရဲ့ လုပ်နည်းလုပ်ဟန် နဲ့ ပတ်သက်ပြီး အားရစရာ မရှိဘူးလို့ ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်တော် ဥက္ကဋ္ဌ က ဖိအားပေး တာမျိုး မရှိသင့်ဘဲ ကူညီ ထောက်ပံ့ ပေးတာမျိုးပဲ ရှိသင့်တာလို့ ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တွေကို နိုင်ငံခြား ခရီးသွားခွင့် ပေးသင့်ပြီး ဗဟို ဦးစီးစနစ်၊ ကြိုးနီ စနစ် တွေကို ကျင့်သုံး လာတာ က ဒီမိုကရေစီ စနစ် ကို တောင်းဆို ခဲ့တဲ့ လူတွေရဲ့ အပြောနဲ့ အလုပ် လိုက်လျော ညီထွေ မရှိဘူးဆိုတာ ကို ပြသနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

NGO၊ INGO အဖွဲ့အစည်းတွေက လူတွေဟာ လွှတ်တော် ကိုယ်စားလှယ် တွေကို တစ်ဦးချင်း တစ်ယောက်ချင်း ဖိတ်လို့ မရအောင် ကန့်သတ် သွားတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

ကိုယ့်ပါတီ က လွှတ်တော် ကိုယ်စားလှယ်တွေကို ထိန်းချုပ်ချင်တာနဲ့ တခြား ပါတီ က လွှတ်တော် ကိုယ်စားလှယ်တွေကိုပါ ဩဇာ လွှမ်းမိုးဖို့ ကြိုစားတာမျိုးလည်း မဖြစ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တွေ အနေနဲ့ လွှတ်တော် အဆောင်အယောင် ကို အသုံးပြုပြီး ပြည်ပ ခရီးစဉ်များကို အမည်တပ်ပြီး ဖိတ်ကြားခိုင်း ခြင်း မပြုဖို့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
လွှတ်တော်အမတ်တွေကို ထိန်းချုပ်တာမဟုတ်လို့ စာထုတ်ပြန် လွှတ်တော်အမတ်တွေကို ထိန်းချုပ်တာမဟုတ်လို့ စာထုတ်ပြန် Reviewed by THITHTOOLWIN on 03:26 Rating: 5
Powered by Blogger.